သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေး


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး နေပြည်တော်မှာ ကျင်းပ။ (သြဂုတ်၊ ၂၀၁၄)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး နေပြည်တော်မှာ ကျင်းပ။ (သြဂုတ်၊ ၂၀၁၄)

ဒေသတွင်း အငြင်းပွားဖွယ် တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာကိစ္စရပ်နဲ့ ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို အလေးပေးဆွေးနွေးဖွယ်ရှိတဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေ ကို နေပြည်တော်မှာ ဒီနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ဒီနေ့ စတင်မယ့် အာဆီယံဝန်ကြီးများအဆင့် အစည်အးဝေးကို အာဆီယံအလှည့်ကျ ဥက္ကဌ မြန်မာသမ္မတဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောမှာပါ။ ဒီအစည်းအဝေးကနေ အာဆီယံအသင်းကြီး အနာဂတ်မျှော်မှန်းချက်တွေ ကို ဆွေးနွေးကြ လိမ့်မယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"အခုဒီအစည်းအဝေးမှာတော့ ကျနော်တို့အဓိကအားဖြင့် ၂၀၁၅မှာ တစ်ခုတည်းသော အာဆီယံ အသိုင်းအဝိုင်းဖြစ်အောင် ကျနော်တို့ လုပ်ရမယ့် ကိစ္စတွေ ရှိတယ်။ ၂၀၁၅ နှစ်လွန် ကာလတွေမှာ အာဆီယံရယ် နောက် တရုတ်နိုင်ငံလို အာဆီယံ ဆွေးနွေးဘက် နိုင်ငံတွေ ဘယ်လိုဆက်သွားကြမလဲဆိုတဲ့ အနာဂတ်မျှော်မှန်းချက်ပေါ့၊ ဒါတွေလည်း ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးမှာပါ။"

ဒါ့အပြင် အရှေ့တောင်အာရှဒေသတွင်း နျူကလီးယားကင်းစင်ရေးဇုန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဆိုင်ရာ ကော်မရှင်အစည်းအဝေးအပြင်၊ သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာတော့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေအကြား စည်းဝေးပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

အာရှဒေသအတွင်း အကြီးဆုံး လုံခြုံရေးဆွေးနွေးပွဲဖြစ်တဲ့ ARF ခေါ် အာဆီယံ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲကိုတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီ စည်းဝေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ၊ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Ri Su Yong တို့အပြင် ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ရုရှားနိုင်ငံက ကိုယ်စားလှယ်တွေပါ တက်ရောက်မှာဖြစ်တဲ့အတွက် အများက အဲဒီ စည်းဝေးပွဲကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲအတွက်၊ ဝန်ကြီးအဆင့် ကြိုတင်အစည်းအဝေးတွေကိုလည်း ပြုလုပ်သွားဖို့ရှိပါတယ်။

XS
SM
MD
LG