သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wikileaks ထူထောင်သူ Assange ဖမ်းဆီးလိုက်တဲ့အပေါ် ကန်အမတ်တွေကြိုဆို


WikiLeaks ဝဘ်ဆိုဒ် ထူထောင်သူ Julian Assange (ဧပြီ၊ ၁၁၊ ၂၀၁၉)
WikiLeaks ဝဘ်ဆိုဒ် ထူထောင်သူ Julian Assange (ဧပြီ၊ ၁၁၊ ၂၀၁၉)

အင်တာနက်မှာ အချက်အလက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ် ထူထောင်သူ Julian Assange ကို ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့အပေါ် အမေရိကန် လွှတ်တော်အမတ်တွေ ကြိုဆိုလိုက်ကြပါတယ်။ အမေရိကန်က တရားစွဲဆိုထားတဲ့ အမှုတွေနဲ့ ရင်ဆိုင်နိုင်အောင် အမြန်ဆုံး လွဲှပြောင်းပေးဖို့လည်း မနေ့တုန်းကပဲ တောင်းဆိုလိုက်ကြတာပါ။

ဥပဒေအရ အရေးယူနိုင်တော့မှာ ဖြစ်ကြောင်း ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် John Cornyn က ပြောဆိုလိုက်သလို ဒီမိုကရက် အထက်လွှတ်တော်အမတ် Joe Manchin ကလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

လန်ဒန်မှာရှိတဲ့ သံရုံးမှာ ခိုလှုံခွင့် ဆက်မပေးတော့ဖို့ Ecuador အစိုးရက ဆုံးဖြတ်လိုက်ပြီးနောက်မှာပဲ Assange ကို မနေ့တုန်းက ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။

WikiLeaks ဝဘ်ဆိုဒ်ကနေ ဖွင့်ချခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လျို့ဝှက်သတင်းအချက်အလက်တွေကို ကွန်ပြူတာစနစ် ဖောက်ထွင်းပြီး ခိုးယူခဲ့ရာမှာ ပူးပေါင်းကြံစည်မှုနဲ့လည်း Assange ကို အမေရိကန်က အလိုရှိနေပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ရဲ့ အီးမေးလ်တွေကိုလည်း ဖောက်ထွင်းခိုးယူပြီး WikiLeaks ဝဘ်ဆိုဒ်မှာပဲ ဖော်ပြခဲ့တာပါ။

ဒီမိုကရက် အထက်လွှတ်တော်အမတ် Richard Blumenthal ကတော့ Assange ကို ဥပဒေအရ အရေးယူနိုင်အောင် အမေရိကန်ကို လွဲှပြောင်းပေးဖို့ တိုက်တွန်းလိုက်သလို သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်ရာမှာ သူ့အခန်းကဏ္ဍကို ဖော်ထုတ်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် တရားရေးဌာနကတော့ အစိုးရရဲ့ ကွန်ပြူတာစနစ်ကို ဖောက်ထွင်းပြီး လျို့ဝှက်သတင်းအချက်အလက်တွေ ခိုးယူရာမှာ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ထားပြီး အမေရိကန် သမိုင်းမှာ အကြီးမားဆုံး လျို့ဝှက်သတင်းအချက်အလက် ခိုးယူမှုအဖြစ်နဲ့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG