သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Russel နေပြည်တော် သွားမည်


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် (Daniel Russel) ဟာ မြန်မာနိုင်ငံ အပါအဝင် အာရှ သုံးနိုင်ငံခရီးကို စတင်ထွက်ခွါသွားပါပြီ။ သူဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ၉ ကြိမ်မြောက် EAS အရှေ့အာရှ ထိပ်သီးညီလာခံရဲ့ ရှေ့ပြေးဖြစ်တဲ့ အဆင့်မြင့် အစိုးရအရာရှိများ စည်းဝေးပွဲကို နေပြည်တော်မှာ တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် (Daniel Russel) ဟာ အောက်တိုဘာလ ၄ ရက် ကနေ ၁၁ ရက်နေ့အထိ ကြာမြင့်မယ့် တောင်ကိုရီးယား၊ ဂျပန်နဲ့ မြန်မာနိုင်ငံ တို့ကို သွားရောက်မယ့် ခရီးစဉ်ကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သူဟာ ၆ ရက်နေ့က ဆိုလ်းကို ရောက်ရှိခဲ့ပြီး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ဆက်ဆံရေး၊ ဒေသန္တရနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီ့နောက် အောက်တိုဘာလ ၇ ရက်ကနေ ၉ ရက်နေ့အထိ တိုကျိုကို သွားရောက်ပြီး အမေရိကန်-ဂျပန် မဟာမိတ် ဆက်ဆံရေးအပြင် ဒေသန္တရနဲ့ နိုင်ငံတကာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။  ဒီ့နောက် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ နောက်ဆုံး တထောက်နားရာဖြစ်တဲ့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အရှေ့အာရှရေးရာ အဆင့်မြင့် နိုင်ငံခြားရေးဌာန အရာရှိက VOA ကို ပြောပါတယ်။ အောက်တိုဘာ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ နေပြည်တော်မှာ ကျင်းပမယ့် EAS အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲကို တက်ရောက်မယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုကို မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး နိုဝင်ဘာလမှာ ကျင်းမမယ့် EAS ထိပ်သီးညီလာခံ ကြိုတင်ပြင်ဆင်မှုတွေအတွက်လည်း အရှေ့အာရှ နိုင်ငံတွေက အဆင့်မြင့်အရာရှိတွေနဲ့ ညှှိနှိုင်းဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။

EAS အရှေ့အာရှ ထိပ်သီးညီလာခံကို အရှေ့အာရှဒေသတွင်းက ၁၆ နိုင်ငံအပြင် ၂၀၁၁ ခုက ၆ ကြိမ်မြောက် ထိပ်သီးညီလာခံမှာ အမေရိကန် ပြည်ထောင်စုနဲ့ အာရှတို့ကိုလည်း တိုးချဲ့လက်ခံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ နှစ်ပတ်လည် အာဆီယံခေါင်းဆောင်ညီလာခံအပြီး နိုဝင်ဘာ ၁၁ရက်နဲ့ ၁၂ ရက်နေ့တို့မှာ နေပြည်တော်မှာ ထိပ်သီးညီလာခံကို ကျင်းပဖို့ ရှိတာဖြစ်ပါတယ်။

ဒီညီလာခံကို သမ္မတအိုဘားမားနဲ့ အတူ တက်ရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry က အောက်တိုဘာလ ၃ ရက်နေ့က ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီ နှစ် ၃၀ မြောက် အခမ်းအနားမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံကို သွားကြမှာ ဖြစ်ပါတယ်။ သမ္မတနဲ့ကျနော်တို့ဟာ နောက်လ ဒီအချိန်လောက်မှာ မြန်မာနိုင်ငံကို သွားကြမှာပါ။ တချိန်တည်းမှာပဲ နိုဝင်ဘာမှာ ကျင်းပမယ့် APEC ညီလာခံကို တရုတ်နိုင်ငံမှာ တက်ရောက်မှာ ဖြစ်ပါတယ်။ အရှေ့အာရှ ထိပ်သီး ညီလာခံကိုလည်း ခရီးစဉ်အတွင်းမှာ တက်ရောက်မှာဖြစ်ပါတယ်။

သမ္မတအိုဘားမားအနေနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ နိုဝင်ဘာလ နေပြည်တော်မှာ ရောက်ရှိတဲ့အခါ ဒေသန္တရ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲ အကြောင်းနဲ့ ရွေးကောက်ပွဲစည်းမျဉ်းတွေ ပြုပြင်ပြောင်းလဲရေး အကြောင်းတွေ အပြင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ အကြောင်းနဲ့ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံအကြား အရင်ကဆွေးနွေးမှုတွေအတွင်း ပြုလုပ်ခဲ့တဲ့ ကတိ တချို့အကြောင်းတို့ကိုလည်း မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဝန်ကြီးကယ်ရီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စက်တင်ဘာလကုန်က ဝါရှင်တန်မှာ တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ သမ္မတအိုဘားမား အစိုးရရဲ့ Asia Pivot လို့ခေါ်တဲ့ အာရှမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု ပြန်လည် ချိန်ကိုက်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေအနက် တဦးအပါအဝင်ဖြစ်ပါတယ်။  လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Russel ဟာ ဧပြီလတုန်းကလည်း ရန်ကုန်ကို သွားရောက်ခဲ့ပြီး နိုင်ငံတကာအပြင် အရပ်ဖက် လူ့အဖွဲ့အစည်း NGO ကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို နေပြည်တော်မှာလည်း မြန်မာအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံနဲ့ မဲခေါင်အပြင် ARF ခေါ် အာဆီယံ ဒေသန္တရဖိုရမ် ညီလာခံမှာလည်း နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ အတူ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG