သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်


ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။
ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။

ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို နိုင်ငံအနှံ့ သွားရောက် ခွင့်ပေးဖို့ပါ ပါဝင်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမ့ှုလူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ အရေး အကြီးဆုံး ဖြစ်တယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။

“တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။ နောက် လူထုအပေါ်မှာ တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့ ဒီလူတွေမဲပေးလာကြမှာပဲ။”

မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။

လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့ သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။

ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့ မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။

ပြောင်းလဲမှုတွေ လုပ်ဖို့ ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့ အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး လုပ်ဆောင်ရမှာလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့ အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။"

သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။ ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။

XS
SM
MD
LG