သုံးရလွယ်ကူစေသည့် Link များ

လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောင်းကုန်းမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားတဲ့ ကြားက တနင်္ဂနွေနေ့ညဘက်မှာ ဆူပူမှုတွေ ထပ်ပြီးလုပ်ဖို့ စုဝေးမှုတွေရှိခဲ့သလို အဖမ်းဆီးခံရမှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အခြေအနေဟာ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မူဆလင်အမျိုးသားတဦးက မြန်မာမိန်းခလေးတဦးကို မတရားပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တဲ့ နောက်ပိုင်း ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ထဲမှာ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ စနေနေ့ညက ဖြစ်ပွားခဲ့တာပါ။ တနင်္ဂနွေနေ့မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားက ညဘက်မှာ ဗလီကိုဖျက်ဖို့ ပတ်ဝန်းကျင်ရွာတွေကနေ လူတွေ စုဝေးရောက်လာခဲ့ကြတယ်လို့ ကျောင်းကုန်းကို ရောက်နေတဲ့ ဦးသက်ဝေက ပြောပါတယ်။

“အခြေအနေကတော့ ကျနော်ရောက်နေတဲ့အချိန်မှာပဲ ရွာတွေ ရွာတွေကနေပြီး ဗလီကိုဖျက်ဖို့ဆိုပြီးတော့ လူစုတဲ့ အင်အားတွေကို တွေ့ရတယ်။ ကျောင်းကုန်းမှာရှိတဲ့ ဗလီတွေကို ဖျက်ဖို့ဆိုပြီး လူအင်အားစုတာကို တွေ့ရတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုစီစဉ်တယ်ဆိုတာကိုတော့ ကျနော်တို့ မသိရဘူး။ ဒီကိုလာကြတယ်။ ဒီမှာ လုံခြုံရေးအဖွဲ့ကနေ တားဆီးထားတဲ့အတွက် မနေ့ညက (၈) နာရီမှာ ဖျက်မယ်ဆိုတဲ့အစီအစဉ်ပေါ့- လုံခြုံရေးအဖွဲ့ရဲ့ တားဆီးမှုကြောင့် ဖျက်ဆီးမှုမရှိခဲ့ဘူး။”

ဗလီပျက်စီးမှုမရှိခဲ့ပေမယ့် စနေနေ့က လူစုလူဝေးနဲ့ ဖျက်ဆီးခဲ့ကြတဲ့အတွက် မတရားပြုကျင့်တယ်လို့ စွပ်စွဲကြတဲ့ မူဆလင်အမျိုးသား ကိုလှဝင်းရဲ့ အိမ်အပါအဝင် အိမ်တချို့ ပျက်စီးနေတာတွေ့ရသလို ဆူပူမှုနဲ့ ပတ်သက်ပြီး လူငယ် ၅ ဦးကိုပါ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“အိမ်သုံးလုံးအဖျက်ခံရတယ်။ အိမ်သုံးလုံးအဖျက်ခံရတယ်ဆိုတာ အစ္စလာမ်ဘာသာဝင် ကိုလှဝင်းရဲ့မိသားစုတွေရဲ့ အိမ်တွေပေါ့နော်။ ညီတွေရဲ့ အိမ်တွေပါတယ်။ သုံးလေးယောက်တော့ အဖျက်ခံထားရတာတွေ့ရတယ်။ ရဲတွေကလည်း လုံခြုံရေးအပြည့်ယူထားတာကို တွေ့ခဲ့ရတယ်။ အခုလေးတင်ပဲ ကျနော် ဖြတ်ပြီးတော့ ပြန်လာခဲ့တာ။ ကိုလှဝင်းကိုတော့ ဖမ်းပြီးတော့ ပုသိမ်ထောင်ကို ပို့လိုက်ပြီ။ ပုသိမ်ထောင်ကို ပို့ပြီးတော့မှ မနေု့တုန်းက ဗလီကို ဖျက်မယ်လို့ သတင်းကြားတာနဲ့ အဲဒီ ကျန်စစ်သား (၂) လမ်းက ဗမာလူငယ် (၅) ဦးကို ဖမ်းတယ်။ သူတို့ကိုလည်း ပုသိမ်ထောင်ကို ပို့လိုက်တယ်။”

ကျောင်းကုန်းရဲ့ လက်ရှိအခြေနေကို သိရဖို့ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။
မေး။ ။ ရဲတပ်ဖွဲ့မှူးရုံးကပါလားရှင်။

“ဟုတ်ပါတယ်ခင်ဗျား။”

မေး။ ။ အဲဒီက အခြေအနေသိချင်လို့ပါရှင့်။

“ဟုတ်ပါတယ်။ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။”

မြို့နယ်တွင်းမှာ ရဲတပ်ဖွဲ့တွေက လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားပြီး လက်ရှိအခြေနေဟာ တည်ငြိမ်နေပေမယ့် စားသောက်ဆိုင်တချို့ကိုတော့ ပိတ်ထားတယ်လို့ ဦးသက်ဝေက ပြောပါတယ်။

“လောလောဆယ်အခြေအနေမှာတော့ အားလုံးက တည်ငြိမ်နေတဲ့အသွင်သဏ္ဍန်တော့ ရှိတယ်။ လုံခြုံရေးအဖွဲ့တွေ ကလည်း ကင်းလှည့်နေတာ တွေ့ရတယ်ပေါ့။ စားသောက်ဆိုင်ကိုတော့ ပိတ်ထားခိုင်းတယ်။ ကျောင်းတွေဘာတွေ ကတော့ ပုံမှန်ဖွင့်လျက်ပဲ။ ”

ကာလကြာရှည်စွာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်လာခဲ့တဲ့ ကျောင်းကုန်းမြို့မှာ အခု လူမျိုးရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ကျောင်းကုန်းက ဆူပူမှု နဲ့ ပတ်သက်ပြီး အစိုးရ အာဏာပိုင်တွေဘက်ကတော့ အခုထိ သတင်းတစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ပြမြေပုံ (Google)
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ပြမြေပုံ (Google)

ဆက်စပ်သတင်းများ ...

XS
SM
MD
LG