သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိသင်္ဘောမီး တဦးထက်မနည်း သေဆုံး


လူပေါင်း ၁၀၀ ကျော် ပိတ်မိနေဆဲ မီးလောင်နေတဲ့ အီတလီအလံလွှင့်ထားတဲ့ Norman Atlantic ကူးတို့သင်္ဘော။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၄)

တနင်္ဂနွေနေ့က ဂရိနိုင်ငံ Corfu ကျွန်းကနေ ထွက်ခွါလာတဲ့ ကူးတို့သင်္ဘောပေါ် မီးလောင်မှုဖြစ်ပွားရာမှာထွက်ပြေးကြသူတွေထဲက တဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့အီတလီကမ်းခြေစောင့်တပ်က ပြောပါတယ်။ သူတို့တွေ့ရတဲ့ အလောင်းကို အီတလီကယ်ဆယ်ရေး လုပ်သားတွေက အီတလီနိုင်ငံဘက်ကို ပို့ပေးခဲ့တယ်လို့လည်း ကမ်းစောင့်တပ်အရာရှိတွေက ပြောပါတယ်။

ဂရိနဲ့အီတလီ ရဟတ်ယာဉ်တွေက မီးလောင်နေတဲ့ကူးတို့သင်္ဘောပေါ်ကလူတွေကို ကယ်ထုတ်ဖို့ ကြိုးစားကြပေမယ့် လေတိုက်နှုန်း အလွန် ပြင်းထန်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေရသလို ရာနဲ့ချီတဲ့ခရီးသည်တွေ အခုထိ ပိတ်မိနေကြဆဲဖြစ်ပါတယ်။

အနားက ကုန်တင်သင်္ဘောတွေဟာ မီးလောင်နေတဲ့ ကူးတို့သင်္ဘောဆီ အေဒရီယာတစ် (Adriatic) ပင်လယ်ပြင်ရဲ့ကမ်းနှစ်ဘက်စလုံးကနေ ဦးတည်လာကြပြီး ကူးတို့သင်္ဘောဘေးပတ်လည်မှာ အကာအကွယ်လုပ် ဝိုင်းရံပေးကြပါတယ်။

ဂရိအနောက်ပိုင်း ပါထရက်စ် (Patras) ဆိပ်ကမ်းကနေ အီတလီဘက်က Ancona ဆိပ်ကမ်းကို ထွက်ခွါခဲ့တဲ့ အီတလီသင်္ဘော Norman Atlantic မှာ မီးဟာ အောက်ထပ် သင်္ဘောကုန်းပတ်ကနေစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘော ဝန်ထမ်း စုစုပေါင်း ၅၀၀ နီးပါးလိုက်ပါခဲ့ပြီး အဲဒီထဲက ၁၅၀ ကို အနားက သင်္ဘောတစင်းပေါ်ကို အသက်ကယ်လှေတွေနဲ့ ပို့ပေးပြီးပြီလို့ ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရက ပြောပါတယ်။ရာသီဥတုဆိုးဝါးနေပြီး တနာရီ ၅၅ မိုင်နဲ့ လေပြင်း တိုက်ခတ်နေတာမို့ သူတို့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းကို ခက်ခဲနေစေပါတယ်။

XS
SM
MD
LG