နီပေါနိုင်ငံမှာ ရေကြီးမြေပြိုတာတွေကြောင့် လူ ၁၂၉ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ နီပေါအာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ မြို့တော် ခတ္တမန္ဒူ (Kathmandu) နားက မြေပြိုကျတဲ့အထဲမှာ ပါသွားတဲ့ ကားတွေနဲ့ ဘတ်စ်ကားတွေထဲကနေ သေဆုံးနေတဲ့ ရုပ်အလောင်း ဒါဇင်နဲ့ချီကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
၃ ရက်ကြာ မုတ်သုန်မိုး ရွာသွန်းပြီးတဲ့နောက် ဒီနေ့မှာတော့ ရာသီဥတုကောင်းလာပြီး၊ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။ မြေပြိုကျမှုကြောင့် ခတ္တမန္ဒူမြို့ အဝင်အထွက် အဝေးပြေးလမ်း ၃ ခု ပိတ်သွားပြီး မြို့ကိုလည်း ဒီနေ့မှာ အဝင်အထွက် လုပ်လို့မရဘဲဖြစ်နေပါတယ်။ ခတ္တမန္ဒူကို သွားနေတဲ့အချိန်မှာ မြေပြိုတဲ့အထဲ ပါသွားတဲ့ ဘတ်စ်ကား ၂ စင်းပေါ်က သေဆုံးနေတဲ့ ရုပ်အလောင်း ၁၄ လောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက မနေ့ညက တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင်အဲဒီနေရာမှာပဲ နောက်ထပ် တစင်းပေါ်ကနေ သေဆုံးနေတဲ့သူ နောက်ထပ် ၂၃ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရေကြီးမြေပြိုကျမှုတွေကြောင့် ၈၆ ယောက်ဒဏ်ရာရပြီး၊ ၆၂ ယောက် ပျောက်ဆုံးနေဆဲလို့ နီပေါရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။နီပေါနိုင်ငံတဝန်းမှာရှိတဲ့ ကျေးရွာတွေကနေလည်း နောက်ထပ် ရေကြီးမြေပြိုတဲ့သတင်းတွေ ထပ်လာနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ရေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ခတ္တမန္ဒူမြို့မှာ သေဆုံးသူ ၃၄ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။ ရေကြီးမှုကြောင့် နိုင်ငံတဝန်းမှာရှိတဲ့ ကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေကို လာမယ့် ၃ ရက် ပိတ်သွားမှာ ဖြစ်တယ်လို့ နီပေါအစိုးရက ကြေညာထားပါတယ်။
Forum