ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရကဒီကနေ့ထုတ်ပြန်ပါတယ်။ ရုရှားအရှေ့ဘက် Dobropillia မှာ ကလေး ၅ ဦးအပါအဝင် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဒေသမှာ သောကြာနေ့ညက ညလုံးပေါက် ပဲ့ထိန်းမစ်ဇိုင်းတွေ၊ ရော့ကက်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအထပ်မြင့်အဆောက်အဦး ၈ လုံးနဲ့ မော်တော်ကားတွေ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် Kharkiv ဒေသမှာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အထဲမှာ ပဲ့ထိန်း Ballistic မစ်ဇိုင်းဒုံး ၂ စင်း၊ ခရုမစ်ဇိုင်းဒုံးတစင်းနဲ့ ဒရုန်းအစင်းပေါင်း ၁၄၅ စင်း ပါဝင်တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ဖိအားပေးနေပြီး၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ယူကရိန်းကို ပေးနေတဲ့ စစ်ရေးအကူအညီတွေ ဖြတ်တောက်ခဲ့တဲ့အပြင်၊ ထောက်လှမ်းရေး သတင်းအချက် ပေးနေတာတွေကိုလည်း ရပ်တန့်ခဲ့ပါတယ်။
သတင်းအချက်အလက် ထောက်ပံ့တာတွေ ရပ်တန့်ဖို့ သမ္မတထရန့်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက်၊ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ အမေရိကန် အာကာသကုမ္ပဏီတခုဖြစ်တဲ့ Maxar Technologies ကုမ္ပဏီက ဆဲလ်တယ်လိုက် ဂြိုလ်တုကနေ မြေပြင်ကပုံတွေကို ရယူနိုင်တဲ့ အဆက်အသွယ်တွေကိုလည်း ယူကရိန်းကို ဖြတ်တောက်ခဲ့ပါတယ်။
သမ္မတဇာလင်းစကီးကတော့ ရုရှားက တတယ်တမ်း ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင် အခုလို တိုက်ခိုက်နေတာတွေကို အရင်ရပ်ဖို့ လိုတယ်လို့ သမ္မတဇာလင်းစကီးက ပြောဆိုခဲ့ပါတယ်။
Forum