သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အလယ်ပိုင်းဒေသ တိုင်ဖုံးမုန်တိုင်းဝင်ရောက်


ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း Albay ဒေသမှာ တိုင်ဖုန်းမုန်တိုင်း Hagupit ရိုက်ခတ်ခံရတဲ့ ကမ်းရိုးတန်းလူနေအိမ်များ။ (ဒီဇင်ဘာ ၇၊ ၂၀၁၄)
ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း Albay ဒေသမှာ တိုင်ဖုန်းမုန်တိုင်း Hagupit ရိုက်ခတ်ခံရတဲ့ ကမ်းရိုးတန်းလူနေအိမ်များ။ (ဒီဇင်ဘာ ၇၊ ၂၀၁၄)

ဖိလစ်ပိုင်နိုင်ငံကို စနေနေ့ညကတည်းက ဝင်ရောက်တိုက်ခတ်တဲ့ Hagupit မုန်တိုင်းကြောင့် ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ မုန်တိုင်းဟာ ဖိလစ်ပိုင်အလယ်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်နေပါတယ်။

တနာရီလေတိုက်နှုန်း မိုင် ၁၃၀ လောက်ပြင်းအားနဲ့ဝင်ခဲ့တဲ့ မုန်တိုင်းကြီးဟာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ၃ ရက်လောက် ဖြတ်သွားလိမ့်မယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ခန့်မှန်းထားပါတယ်။ ငါးဖမ်းလုပ်ငန်း အဓိကလုပ်ကြတဲ့ Samar ကျွန်းကို စနေနေ့ညက မုန်တိုင်းစဝင်ခဲ့တာဖြစ်ပြီး အဲဒီမှာ အဆောက်အဦးအမိုးတွေ လန်ထွက် သစ်ပင်တွေ ကျိုးကျခဲ့ တယ်လို့ ဒေသခံ Pagasa မိုးလေဝသဌာနက ပြောပါတယ်။

လမ်းတွေပေါ်မှာ သွပ်ခေါင်မိုးတွေ၊ သစ်ပင် သစ်ကိုင်း အကျိုးအပဲ့တွေ ပြန့်ကြဲနေပါတယ်၊ ဒေသတခုလုံးမှာလည်း မီးပျက်နေပါတယ်။ အိမ်အများအပြား ပျက်စီးခဲ့ပြီး တချို့နေရာတွေမှာ ခါးလောက်အထိ ရေကြီးခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူ တယောက်က ပြောပါတယ်။

ကမ်းရိုးတမ်းဒေသတွေဘက်က ကျေးရွာတွေ၊ မြေပြိုကျမှုတွေဖြစ်နိုင်တဲ့ ဒေသတွေက လူပေါင်း ၅ သိန်း လောက်ဟာ ဘေးကင်းရာ ယာယီစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ကြီးမားတဲ့ပြဿနာတွေပေါ်လာရင် တုံ့ပြန်နိုင်ဖို့ စစ်တပ်ကိုလည်း တပ်လှန့်ထားပါတယ်။

မုန်တိုင်း Hagupit ဟာ အခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က လူပေါင်း ၇ သောင်း ၃ ထောင်လောက်သေဆုံးခဲ့ရတဲ့ ဟိုင်ယန်မုန်တိုင်းလောက်တော့ အင်အားမပြင်းပါဘူး။ ဟိုင်ယန်မုန်တိုင်းဒဏ် ခံထားရတဲ့နေရာတွေဟာ အခု မုန်တိုင်း Hagupit ဖြတ်သွားတဲ့၏ လမ်းကြောင်းမှာရှိနေပြီး တချို့ဆို ခုချိန်ထိ ယာယီတဲတွေနဲ့ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG