သုံးရလွယ်ကူစေသည့် Link များ

Clinton အီးမေးလ်ကိစ္စ ရှေ့နေချုပ်ကို လွှတ်တော်မှာ စစ်ဆေး


ရှေ့နေချုပ် Loretta Lynch အောက်လွှတ်တော် တရားရေးကော်မီတီရှေ့တွင် ထွက်ဆိုနေစဉ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် Hillary Clinton တာဝန်ယူခဲ့စဉ်ကာလက အလုပ် email တွေအတွက် ကိုယ်ပိုင် email account ကို အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ တရားရေးဌာနက ဘာကြောင့်အရေးမယူသလဲ ဆိုတာကို ရှေ့နေချုပ်ကို လွှတ်တော်မှာ အင်္ဂါနေ့က စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ Hillary Clinton အပေါ် ရာဇဝတ်မှုနဲ့ တရားစွဲဖို့ မလိုဘူးလို့ FBI က တရားရေးဌာနကို အကြံပြုချက်ပေးခဲ့ပြီး သီတင်းတပတ်အကြာမှာ ရှေ့နေချုပ် Loretta Lynch ကို အောက်လွှတ်တော် တရားရေးကော်မတီက ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ ရှေ့နေချုပ်က ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောကြားပြီး၊ မေးခွန်းတွေဖြေဖို့ ကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

Hillary Clinton လုပ်ခဲ့သလိုမျိုး တခြား အစိုးရအရာရှိတယောက်သာဆို အရေးယူခံရမှာဖြစ်ပေမဲ့ Clinton ကို ဘာကြောင့် အရေးမယူသလဲ ဆိုတာကို ကော်မတီဥက္ကဋ္ဌ Virginia ပြည်နယ် အမတ် Bob Goodlatte က ရှေ့နေချုပ်ကို မေးခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့နေချုပ် Lynch ကတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်တွေ၊ FBI ရဲ့ အကြံပြုချက်နဲ့ ပတ်သက်တဲ့ ဥပေဒေ အကြောင်း အချက်တွေကို ရှေ့နေချုပ်တယောက်အနေနဲ့ ပြောဆိုဖို့ မသင့်တော်ဘူးလို့ ပြောပြီး ဖြေကြားခြင်း မရှိခဲ့ပါဘူး။

နာရီတော်တော်ကြာခဲ့တဲ့ စစ်ဆေးမေးမြန်းမှုအတွင်း ရှေ့နေချုပ်ဘက်က ဒီလို အဖြေတမျိုးထဲကိုပေးပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် တရားရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ ရှေ့နေချုပ်တယောက်အနေနဲ့ အရေးယူသင့် မသင့် ဆုံးဖြတ်ချက်ဟာ သူ့အပေါ်မှာ မူတည်နေတယ်လို့ စိတ်အနှောင့်အယှက် ဖြစ်လာကြတဲ့ Republican အမတ်တွေဘက်ကလည်း အကြိမ်ကြိမ် ထောက်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ ရှေ့နေချုပ် Lynch ကတော့ FBI ညွှန်ကြားရေးမှူး အပါအဝင် ထောက်လှမ်းရေးအရာရှိတွေ၊ စုံစမ်းစစ်ဆေးရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးပြီး ပေးခဲ့တဲ့ အကြံပြုချက်ကို လက်ခံဖို့ သူဆုံးဖြတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG