သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးနိုဘယ်ဆု ပါမောက္ခ Angus Deaton ရရှိ


၂၀၁၅ ခုနှစ် စီးပွားရေးနိုဘဲဆု ရရှိသူ ပါမောက္ခ Angus Deaton
၂၀၁၅ ခုနှစ် စီးပွားရေးနိုဘဲဆု ရရှိသူ ပါမောက္ခ Angus Deaton

၂၀၁၅ ခုနှစ် စီးပွားရေးဆိုင်ရာ နိုဘဲဆုကိုတော့ Princeton တက္ကသိုလ်က ပါမောက္ခ Angus Deaton ရရှိသွားပါတယ်။ စားသုံးမှု၊ ဆင်းရဲ မွဲတေမှုနဲ့ လူမှုဖူလုံရေးဆိုင်ရာ သုံးသပ်ချက်စာတမ်း ပြုစုမှုအတွက် နိုဘဲဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုတွေနဲ့ ဆိုးရွားတဲ့ရလဒ်တွေကြားက အချိတ်အဆက်ကိုဖော်ပြတဲ့ ပါမောက္ခ Angus Deaton ရဲ့ သုတေသနကျမ်းက အသေးစားစီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ Microeconomics ၊နိုင်ငံတော်အဆင့် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ Macroeconomics နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးပညာရပ် Development Economics နယ်ပယ်တွေမှာ အပြောင်းအလဲတွေ ဖြစ်ဖို့ အထောက်အကူ ပေးတယ်လို့ ဆွီဒင် တော်ဝင်သိပ္ပံအသင်းကြီးက ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ ကိုယ့်ရဲ့ဝင်ငွေကို ဘယ်လို ကုန်ပစ္စည်းတွေဝယ်ယူရာမှာ သုံးစွဲကြသလဲ၊ လူ့အဖွဲ့အစည်းရဲ့ဝင်ငွေထဲက ဘယ်လောက်သုံးပြီး ဘယ်လောက်စုသလဲဆိုတာနဲ့ ဆင်ရဲမွဲတေမှုနဲ့ လူမှုဖူလုံရေးတို့ကို ဘယ်လို တိုင်းတာသုံးသပ်ကြမလဲဆိုတဲ့ မေးခွန်း ၃ ခုလောက်ကို မဏ္ဍိုင်ပြုပြီး ပါမောက္ခ Deaton ကျမ်းပြုခဲ့တာဖြစ်တယ်လို့နိုဘဲကော်မတီက ပြောပါတယ်။

ပါမောက္ခ Deaton ရဲ့ သုတေသန စာတမ်းမှာ ဝင်ငွေနဲ့ ကယ်လိုရီစားသုံးမှုကြားအဆက်အစပ်နဲ့ မိသားစုအတွင်း လိင်ခွဲခြားမှု အတိုင်းအတာ တို့လို ကိစ္စရပ်တွေကို ဖြန့်ကျက်ပြနိုင်တဲ့ မိသားစုဆိုင်ရ အချက်အလက်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုထားတာကို တွေ့ရတယ်လို့လည်း နိုဘဲကော်မတီက ထုတ်ပြန်ထားပါတယ်။

စကော့တလန် ဇာတိဖွားဖြစ်ပြီး ဗြိတိန်နဲ့အမေရိကန် နှစ်နိုင်ငံသားခံယူထားသူ ပါမောက္ခ Deaton ဟာ အမေရိကန် ပြည်ထောင်စု နယူးဂျာစီက Princeton တက္ကသိုလ်မှာ ၁၉၈၃ ခုနှစ်ကတည်းက စလို့ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပါမောက္ခအဖြစ် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ စီးပွားရေး ဆိုင်ရာနိုဘဲဆုအတွက် ဆုကြေးငွေကတော့ ဒေါ်လာ ၉ သိန်း ၇ သောင်း ၈ ထောင် ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG