သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်


ကိုယ်ခံပညာစုံသုံးခွင့်ရှိတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ချန်ပီယံဆုရ Aung La Nsang (Burmese Python).
ကိုယ်ခံပညာစုံသုံးခွင့်ရှိတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ချန်ပီယံဆုရ Aung La Nsang (Burmese Python).

ကိုယ်ခံပညာစုံသုံးခွင့်ရှိတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (Mixed Martial Arts -MMA Middle Weight World Championship) လို့ခေါ်တဲ့ One Championship ပြိုင်ပွဲမှာ မြန်မာ့စပါးအုံးလို့နာမည်ကြီးတဲ့ အောင်လအန်ဆန် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ရန်ကုန်မှာ မနေ့က ကျင်းပတဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ရုရှနိုင်ငံသား Vitaly Bigdash ကို အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အခုကြားခဲ့ရတဲ့ အသံကတော့ သောကြာနေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစား ခန်းမမှာ မြန်မာက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပတဲ့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာအောင်လအန်ဆန် အနိုင်ရရှိကြောင်း ဒိုင်လူကြီးက ကြေညာသွားတာဖြစ်ပါတယ်။

လက်ရှိချန်ပီယံဖြစ်သူ Vitaly Bigdash ကိုစိန်ခေါ်ပြီး ယှဉ်ပြိုင်ထိုးခဲ့တဲ့ ပွဲမှာ စုစုပေါင်း ငါးချီ မြောက် အပြန်အလှန်ထိုးသတ်ခဲ့ပြီးနောက်မှာ ဒိုင်တွေ အားလုံး က အမှတ်ပြည့်ပေးပြီး တညီတညာထဲ အောင်လအန်ဆန် ကို အနိုင်ပေးခဲ့တာပါ။ အခုလို ချန်ပီယံဆုကို ရရှိဖို့ သူ့အနေနဲ့ နေ့ရောညမှာပါ အင်တိုက်အားတိုက် လေ့ကျင့်ခဲ့ရတယ်လို့ အောင်လအန်ဆန်က ပြိုင်ပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

"မြန်မာပြည်မှာ တနေ့မှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ဆိုတာ ကျနော့်အိမ်မက်ပါ အားလုံး အားပေးတဲ့အတွက် ကျနော် ဒီလိုကြိုးစားပြီးတော့ ကျနော် ဒီပွဲအတွက် နေ့နဲ့ညပါ ကြိုးစားပြီးတော့ ကျနော် တကယ်ဆို ညာလည်းမညာဘူး ကျွမ်းလည်းမကျွမ်းကျင်ဘူး တကယ်ဆိုရင်တော့ နေ့နဲ့ညနဲ့ ရူးအောင်ကြိုးစားပြီးတော့ ကမ္ဘာ့ချန်ပီယံဖြစ် လာခဲ့တာဖြစ်ပါတယ်။ ကျနော်က ကျနော့်အားနဲ့ ကျနော့်အင်အားနဲ့ဖြစ်လာခဲ့တာမဟုတ်ဘူး အားလုံးက ကျနော့်ကို ကူညီပြီးတော့ ကျနော့်ကို စပွန်ဆာတွေ မြန်မာစပွန်ဆာတွေပဲ မြန်မာပြည်မှာ ကျနော် ကစားတိုင်း ကျနော့်ကို အားပေးတဲ့သူတွေ အားလုံးကို ကျနော် ကျေးဇူးတင်တယ်။ အားလုံးကို အရမ်းချစ်တယ် အဲ့တာပြီးတော့ မြန်မာပြည်မှာ ကြိုးစားပြီးတော့ စုပေါင်းညီညွတ်ပြီး လုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ကျနော် အားပေးချင်ပါတယ်။"

အခုလို ကချင်တိုင်းရင်းသား အောင်လအန်ဆန် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ဆွတ်ခူးနိုင်တာဟာ မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင် အာရှဒေသအတွက်ပါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ညီဖြစ်သူ Gum Sang က ဗွီအိုအေကို ပြောပါတယ်။

" တို့ကချင်တဦးတယောက်အနေဖြင့် ဂုဏ်ယူတယ် နောက်တခုကတော့ ကျနော်တို့ မြန်မာပြည်သားအားလုံးအတွက် အကျိုးပြုမယ့် နိုင်ပွဲတပွဲဖြစ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ် နောက်တခုကတော့ တိုင်းရင်းသားတွေအားလုံးအတွက် စည်းလုံးညီညွတ်မှုအတွက် ပံ့ပိုးနိုင်မယ့် ယုံကြည်မှုတခုလို့ ယုံကြည်ပါတယ်။"

အခုလို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အောင်လအန်ဆန်ဟာ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက ပြိုင်ပွဲအဆင့်ဆင့်ကို ယှဉ်ပြိုင် ထိုးသတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပြိုင်ပွဲနဲ့ပတ်သက်လို့ Gum Sang ကအခုလို ပြောပါတယ်။

"One Championship-Middle Weight World Championship ကတော့ အရေးကြီးတာပေါ့။ အရေးကြီးတဲ့ဝိတ်တန်းမှာပါတယ် နောက်တခုကတော့ ကမ္ဘာပေါ်မှာတော့ UFC နဲ့ One FC နှစ်ခုပဲရှိတယ် ကျနော်တို့ အနောက်ပိုင်းမှာတော့ UFC အရှေ့ပိုင်းမှာတော့ One FC အရှေ့ပိုင်းမှာတော့ ရုရှားတို့ဘာတို့ အားလုံးပါပါတယ်။ တကယ့်ကို ဒေါ်လာသန်းထောင်ချီပြီးမှ ထိုးပွဲ အစီအစဉ်ပေါ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။"

မနေ့က ဗိုလ်လုပွဲကို မြန်မာတွေသာမက နိုင်ငံတကာမှာ အွန်လိုင်းကနေ အားပေးကြည့်ရှုတဲ့ ပရိသတ်သန်းနဲ့ချီရှိခဲ့ပြီး အဲဒီထဲက အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာပရိသတ် ကိုဇော်ဇော်လှိုင်ကတော့ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ထိရောက်အောင် အသုံးချနိုင်ခဲ့တယ်လို့သူရဲ့သုံးသပ်ချက်ကို အခုလိုပြောပါတယ်။

" သူက စထိုးကတည်းက တဖက်ကသူက သူ့ကိုချုပ်ပြီးထိုးဖို့ကြိုးစားတယ်။ ဒါပေမဲ့သူက သူသန်တဲ့ချုပ်ကွက်နဲ့ ယှဉ်ပြိုင်တာမဟုတ်ပဲ မြန်မာသိုင်းဆန်ဆန် လက်ဝှေ့ ဆန်ဆန် မတ်တပ်ရပ်ပြီးတော့ ယှဉ်ထိုးတဲ့နည်းစနစ်ကို သုံးသွားတယ်။ အဲ့တော့ သူပြန်ထိုးတဲ့အခါမှာ တဖက်လူက သူ့ကစားကွက်ပျက်သွားတယ် ပျက်သွားတဲ့အချိန်မှာ သူထိုးခွင့်ရသွားတယ် ထိုးခွင့်ရသွားချိန်မှာ လဲသွားတဲ့အချိန်မှာ သူလိုက်ထိုးတယ်။ သူထိုးတဲ့အချိန်မှာ တဖက်လူကို ထိရောက်အောင် မထိုးခဲ့နိုင်တော့ ပွဲက မပြီးသွားနိုင်ဘူး။ ဒါပေမဲ့ တဖက်လူက သူ့ကိုပြန်ယှဉ်ထိုးဖို့ အခြေအနေပြန်ပေးတဲ့အချိန်မှာ သူက အတင်းလောဘကြီးပြီး လုံးတာမလုပ်ပဲ ရှောင်ပေးလိုက်တယ် သူ့ထိုးတဲ့ထိုးနည်းနဲ့ပဲ ဆက်လက်ကျင့်သုံးသွားတာတွေ့တယ်။"

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ကျင်းပတဲ့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ Vitaly Bigdash ကို အောင်လအန်ဆန် ရှုံးခဲ့ပြီးနောက့် ဒီနှစ်မှာ ပြန်လည် ယှဉ်ပြိုင်ထိုးခွင့်ရခဲ့ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG