သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်လအန်ဆန် Light Heavyweight ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဗိုလ်လုပွဲ အကောင်းဆုံးပြင်ဆင်


 မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်

လာမယ့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ရန်ကုန်မှာ ကျင်းပမယ့်လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ( Light Heavyweight World Championship) စိန်ခေါ်ယှဉ်ပြိုင်ပွဲမှာ ပြိုင်ဘက်ကို အနိုင်ထိုးပြီး ရွှေခါးပတ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်အောင် ကြိုးပမ်းသွားမယ့်အကြောင်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အောင်လအန်ဆန်က ပြောကြားလိုက်ပါတယ်။မနေ့ အင်္ဂါနေ့က ရန်ကုန်မှာ ပြိုင်ဘက်ဖြစ်သူ ဘရာဇီးနိုင်ငံက ဟဲဗီးဝိတ်တန်း ချန်ပီယံ Alexandre Machado နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူက အဲဒီလိုပြောဆိုလိုက်တာပါ။

အောင်လအန်ဆန်ယှဉ်ပြိုင်ထိုးသတ်မယ့် လက်ဝှေ့ပွဲကို မြန်မာနိုင်ငံက ပရိသတ်တွေသာမက အမေရိကန်ပြည်ထောင်စုက မြန်မာတိုင်းရင်းသားတွေကပါ အားပေးဖို့ အသင့်ပြင်နေကြတဲ့အကြောင်း မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

One Championship ရွှေခါးပတ်လုပွဲ ( ONE: Quest For Gold ) လို့လည်း အမည်ပေးထားတဲ့ သူတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်ပွဲကို လာမယ့် သောကြာနေ့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပမှာပါ။ လက်ရှိ ချန်ပီယံ Roger Gracie အနားယူခဲ့ပြီးနောက် လစ်လပ်နေတဲ့ ချန်ပီယံဆုအတွက် သူတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

ဒီပွဲအကြို မနေ့က ပြုလုပ်တဲ့ ကမ္ဘာ့ ချန်ပီယံ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အောင်လအန်ဆန်က နောက်ထပ် ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကြိုးစားပြီး ယှဉ်ပြိုင် သွားမယ့်အကြောင်း အခုလို ပြောပါတယ်။

“ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံရအောင် ကျွန်တော်ရည်မှန်းချက်ထားခဲ့ပါတယ်။ အဲ့ဒီ့ဆုကိုရရှိတဲ့အချိန်မှာ ကျွန်တေ်ာ့ပရိတ်သတ်တွေအားလုံးအားပေးတဲ့အတွက် ရရှိတာလို့ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒီ့ပန်းတိုင်ရောက်ပြီးတော့ နောက်တစ်ခုကဘာလဲဆိုရင် ကျွန်တော်ရဲ့ဝိတ်တန်းအပေါ်က လိုက်ဟဲဘီးဝိတ်ချန်ပီယံ ခါးပတ်ကိုရအောင်ကြိုးစားတာဖြစ်ပါတယ်။”

သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက် Alexandre Machado ကလည်း အခုပြုလုပ်မယ့် ပွဲဟာ သူ့ဘဝအတွက် အကြီးမားဆုံးစိန်ခေါ်ပွဲတခုဖြစ်တယ်လို့ ပြောသွားပါတယ်။

Aung La N Sang & Alexandre Machado
Aung La N Sang & Alexandre Machado

မြန်မာ့စပါးအုံးလို့ နာမည်ကြီးတဲ့ အသက် ၃၂ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ၂၀၁၇ခုနှစ် ဇူလိုင်လ က ရန်ကုန်မှာ ကျင်းပတဲ့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ ချန်ပီယံဟောင်း ရုရှနိုင်ငံသား Vitaly Bigdash အနိုင်ရရှိပြီး ကမ္ဘာ့မယ်ဒယ်ဝိတ်တန်း ချန်ပီယံဖြစ်လာတဲ့ ပထမဦး မြန်မာ တိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်တဲ့ ပွဲတွေမှာလည်း ဆက်လက်အနိုင်ရရှိပြီး ကမ္ဘာ့မယ်ဒယ်ဝိတ်တန်း ချန်ပီယံကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

အခု နောက်တဆင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံဖြစ်လာဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရားဇီးနိုင်ငံသား ဟဲဗီးဝိတ်တန်း ချန်ပီယံ Alexandre Machado နဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကိုတော့ အခုလို သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“သူက Jiu-jitsu မှာကျွမ်းကျင်တယ်။ နပမ်းမှာ ကျွမ်းကျင်တယ်။ အဲဒီအတွက် ကျနော်က stand up fighting လုပ်မယ်။ အဲဒီအတွက် ကျနော် ပိုလေ့ကျင့်ပါတယ်။ အားစိုက်ပြီးတော့ ပိုကြိုးစားပါတယ်။”

Alexandre Machdo ဟာ Jiu-jitsu ခါးပတ်နက်ကိုလည်း ရထားသူဖြစ်ပါတယ်။

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံပွဲကို မြန်မာနိုင်ငံမှာ ကျင်းပတဲ့အတွက် အားသာချက်ရှိပေမယ့် သူအဓိကထား အာရုံစိုက်ရမယ့် အချက်ကိုလည်း အောင်လအန်ဆန်က အခုလိုပြောပါတယ်။

“အားသာချက်ရှိသလို၊ pressure တော့ရှိတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ audiences (ပရိသတ်အားလုံး) က မြန်မာဆိုတော့ အားလုံးကြည့်နေတော့ပေါ့နော်။ သူများတွေ သိပ်မသိဘူးဆိုရင် pressure သိပ်မရှိဘူးပေါ့။ ဒါပေမယ့် ကျနော်က ကစားတာကြာတော့ pressure တွေသိပ်မစဉ်းစားဘူး။ ကျနော်ရဲ့ focus က အဲဒီပွဲမှာပဲ။”

ဒါအပြင် လာမယ့် ပြိုင်ပွဲဟာ အရင် မယ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတဦးအနေနဲ့ သူ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲတွေနဲ့ အရမ်းကို ကွာခြားမယ့်အကြောင်းအခုလို ပြောပါတယ်။

“ကျနော့် အကောင်းဆုံးပွဲဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ခါးပတ် ၂ ခုရမယ်ဆိုတော့ ကမ္ဘာ့ချန်ပီယံ နောက်ထပ်တခု ရမှာဆိုတော့ အားလုံးကို ဆက်ပြီးအားပေးပါလို့ ပြောချင်ပါတယ်။”

အခု လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ်ကျင်းပမယ့်ပွဲလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ကို အားပေးဖို့ မြန်မာနိုင်ငံက ပရိသတ်တွေသာမက အမေရိကန်နဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာတိုင်းရင်းသား ပရိသတ်တွေလည်း စိတ်ဝင်တစားနဲ့ ပြင်ဆင်နေကြပါတယ်။ အဲဒီထဲမှာ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားတွေလည်း ပါဝင်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အတွက် အရမ်းကို ဂုဏ်ယူမိကြောင်း ချင်း အသိုင်းအဝိုင်းခေါင်းဆောင်တဦးဖြစ်သူ Reverend Dr. Paul ZawKhai က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ သူ့ကို တော်တော်လေးအားပေးတယ်။ ကျနော်တို့ တသက်မှာ တခါမှ မကြုံဘူးတဲ့ အချိန်ပေ့ါနော်။ အခုလိုအချိန်အခါမှာ ကျနော်တို့ မြန်မာတွေ နာမည်ရလာတယ်ဆိုတော့ သူ့အတွက်ကို ဝမ်းသာပေးတယ်။ ဝမ်းမြောက်ပေးတယ်။ သူ့ရဲ့အောင်မြင်ခြင်းက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်တာနဲ့လည်းတူတယ်။ ကျနော်တို့ သူ့ကို အတော်လေးအားပေးတယ်။ အောင်လည်းအောင်မြင်စေချင်တယ်။”

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ အောင်လအန်ဆန်နဲ့ Alexandre Machado တို့ယှဉ်ပြိုင်ထိုးသတ်အပြီး Mixed Martial Arts- MMA လက်ဝှေ့လောကမှာ နာမည်ရလာတဲ့ အသက် ၃၃ နှစ်အရွယ် ဖိုးသော်ကလည်း ကမ္ဘောဒီးယား လက်ဝှေ့သမားနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

၂၀၁၇ နှစ်ကုန်ပိုင်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အောင်လအန်ဆန် ပါဝင်ခဲ့တဲ့ ဝမ်းချန်ပီယံရှစ် (ONE Championship) ရဲ့ ပထမဦးဆုံး ဝိတ်တန်းလွတ် အထူးကစားပွဲ (Open Weight Super-Bout) မှာ ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆင်ချန်ပီယံ Alain Ngalani ကို ပထမအချီအစပိုင်းမှာပဲ အောင်လအန်ဆန်က အလဲထိုးသတ်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG