သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာမိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့် တို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် အစိုးရဝန်ကြီးတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာတက္ကသိုလ်က မြန်မာကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ ဝန်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိက ကတော့ အစိုးရဘက် ဝန်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအဝိုင်းဘက်ကလည်း လူငယ်အများစုကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေတဲ့ မြန်မာကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ဝန်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ဝိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊ နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာမိသားစုတွေ မေးမြန်းရာမှာတော့ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ကြတယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

“ဝန်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာများပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊ မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအဝင်၊ အဲဒါမျိုးတွေက ပိုများပါတယ်။ အဲဒါကတော့ ဝန်ကြီးဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော် ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေ၊ သူတို့ထောက်ပြတာကိုလည်း ကျနော်တို့အနေနဲ့ ဝန်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးသွားကြတယ်။”

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရဝန်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံနေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG