သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ရေး အလှမ်းဝေးဆဲဟု UNFC သုံးသပ်


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ UNFC တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြစဉ်။ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ UNFC တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြစဉ်။ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)
မြန်မာအစိုးရဘက်က ကြိုးပမ်းနေတဲ့ ၂၀၁၃ အောက်တိုဘာလထဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရဖို့ဆိုတာ အလှမ်းဝေးနေဆဲလို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နဲ့ UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိကျတဲ့ ရလဒ်အဖြေတော့ မရခဲ့ဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ဟာ စက်တင်ဘာလ ၈ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဒုတိယအကြိမ် အကြို ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအတွင်း - UNFC ဘက်ကလည်း သူတို့ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၆ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသလို ဝန်ကြီးဦးအောင်မင်းကလည်း အစိုးရဘက်က မျှော်လင့်ထားတဲ့အတိုင်း နောက်လထဲ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့နဲ့ နောက်နှစ်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ် မြောက်ရေးကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပြပါတယ်။

“ဝန်ကြီးဦးအောင်မင်း ရှင်းပြတာကတော့ တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးစကားဝိုင်းပေါ့လေ- သွားနိုင်ဖို့အတွက်ကို အောက်တိုဘာလကုန်ခါနီးလောက်မှာ nationwide cease-fire ပွဲကြီးကိုလုပ်လိုပါတယ်။ အားလုံးလည်းတက်ရောက်ဖို့ ဖိတ်ကြားတယ်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အပစ်အခတ်ရပ်စဲထားတာ ၁၄ ဖွဲ့ရှိတယ်၊ ဒါပြီးသွားရင်တော့ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲကို ဆောင်ရွက်လိုတယ်။ အဲဒါပြီးသွားပြီဆိုရင်တော့ ၂၀၁၄ ခုနှစ်ပေါ့လေ။ သင့်လျော်တဲ့အချိန်ပေါ့။ အဲဒီမှာကျရင်တော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးပေါ့- ဆောင်ရွက်လိုတယ်ဆိုတာကို ရှင်းပြပါတယ်။ ”

UNFC က ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၆ ချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်အဖွဲ့တွေ၊ အရပ်ဖက်လူမှုအဖွဲ့တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေး ပါဝင်ပါ တယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီးတဲ့နောက်ပိုင်း တဘက်နဲ့တဘက်ကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေကိုလည်း UNFC ဘက်ကနေ တင်ပြဆွေးနွေးခဲ့တယ်လို့ UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးနိုင်ဟံသာက ပြောပြပါတယ်။

“ကျနော်တို့က ပြည်နယ်အဆင့်မှာရော ပြည်ထောင်စုအဆင့်မှာရော လက်မှတ်ထိုးထားပြီးပြီ။ အခု နောက်ထပ်တဆင့် ထိုးဖို့ လိုအုံးမလားပဲ တွက်ကြည့်တာပေါ့လေ။ နောက်ပြီးတော့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကလည်း သူ့အဖွဲ့တွေမှာက တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော်လောက်တောင် ဖြစ်နေတာဆိုတော့ လက်မှတ်ထိုးထားတဲ့အပေါ်မှာ ယုံကြည်မှုက နည်းနည်း နည်းလာတာပေါ့နော်။ အဲဒါကတစ်ချက်၊ နောက်ပြီးတော့ ကျနော်တို့ တောင်းဆိုတာက အဓိက အဲဒီလို လက်မှတ်ထိုးမယ်ဆိုရင် နောက်ထပ်မဖြစ်ဖို့ ပြင်ဆင်မှုမှာ အဲဒါ အများကြီးလိုအပ်တယ်။ အဲဒါတွေကတော့ စစ်ရေးပိုင်းမှာ စစ်တပ်တွေက သိပ်ကပ်နေရင် ရှောင်လွဲှလို့မရဘူး၊ စစ်တပ်တွေကို ခွာဖို့လိုတယ်။ တပ်တွေရဲ့လှုပ်ရှားခွင်ကို သတ်မှတ်ဖို့လိုတယ်။ နောက် တပ်တွေလိုက်နာဖို့ စည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်။ ဒါတွေ အခိုင်အမာမရှိဘဲနဲ့ နောက်ထပ် လက်မှတ်ထိုးရင် ဘာမှမကြာဘူး- ပြန်တိုက်ကြအုံးမှာပဲ။ အဲဒါတွေက အဓိကကျတာတွေကို ပြင်ဖို့ လိုတယ်ဆိုတဲ့အပိုင်း၊ အဲဒါတွေ မပြည့်စုံဘဲနဲ့ လက်မှတ်နောက်ထပ်ထိုးတာကတော့ မထူးခြားဘူး၊ အကျိုးမရှိဘူးလို့ ကျနော်တော့ အဲလိုထောက်ပြတယ်။”

ဒါ့အပြင် မကြာသေးခင်ကစလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ မကြာသေးခင်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံချိန်မှာ တပ်မတော်ရဲ့ မူ ၆ ချက်နဲ့ ပတ်သက်လို့ ပြောဆိုလာတာ တွေ့ရပါတယ်။ ဒီမူတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို အပစ်အခတ်ရပ်စဲရေး မလုပ်ခင်က ပြောဆိုဆွေးနွေးခဲ့တာမရှိသလို အခုမှ ဒီမူတွေ ထွက်ပေါ်လာတဲ့အပေါ်မှာလည်း ဆွေးနွေးခဲ့တယ်လို့ ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။

“တရားဝင် ဒီနေ့ပွဲမှာရော၊ မနေ့က အလွတ်သဘောတွေ့ကြတဲ့ပွဲမှာရော ကျနော်တို့ မေးမြန်းတယ်။ သူတို့ဘက်က ဖြေတာတော့ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စအပေါ်မှာ သက်ဆိုင်ရာတပ်မှူးတွေက ပြောတဲ့စကားပါ။ ဒါ-တပြည်လုံးဆိုတဲ့ အနေအထားမျိုး မဟုတ်သေးဘူးဆိုတဲ့ သဘောမျိုးပေါ့နော်၊ သူတို့က အဲလိုပြောတယ်။ ကျနော်တို့ ပစ်အခတ်ရပ်စဲရေးတွေလုပ်တုန်းက ဒါတွေ ဘာမှ မပြောဘဲ အခုမှ ပြောလာတာကတော့ ဒါကတော့ လုပ်ရပ် မမှန်ကန်ဘူးပေါ့လေ။ အဲဒါကို ကျနော်တို့ ထောက်ပြတယ်။”

တပ်မတော်ရဲ့ မူ ၆ ချက်ထဲမှာ တပ်သားသစ် မစုဆောင်းဖို့၊ ခွင့်ပြုချက်မရဘဲ တပ်စခန်း မတည်ဆောက်ဖို့၊ ဆက်ကြေး မကောက်ဖို့ စတာတွေ ပါဝင်ပါတယ်။ တနင်္ဂနွေနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ တိကျတဲ့ ရလဒ်အဖြေ တစုံတရာ မထွက်ဘဲ ပြီးဆုံးသွားပြီး အစိုးရက မျှော်လင့်ထားတဲ့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲနိုင်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ကတော့ လောလောဆယ် အခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။

“တိကျတဲ့ရလဒ်တော့ မရှိသေးဘူး။ ဒါပေမဲ့အများကြီး တိုးတက်လာတယ်။ တိကျတဲ့အဖြေရယ်လို့တော့ ဒီပွဲမှာ အဖြေမထုတ်နိုင်သေးဘူးနော်။ အဲဒီတော့ နိုင်ငံရေးဆွေးနွေးဖို့ အခုထိတော့ မရောက်နိုင်သေးဘူး၊ ခန့်မှန်းဖို့တော့ ခက်ပါတယ်။ ”

ဒါပေမဲ့လည်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကတော့-

“ကျနော့်အနေနဲ့ကတော့ အချိန် နှစ်လနီးပါးလောက် ကျန်တဲ့အတွက် ဒီအချိန်မှာ ဒါတွေအားလုံးကို နားလည်အောင်ရှင်းလင်းပြပေးပြီးတော့ ဆောင်ရွက်မယ်ဆိုရင်လည်း ဖြစ်နိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ၁၄ ဖွဲ့က အပစ်အခတ်ရပ်စဲတာကို လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်ဗျ။ အခုဥစ္စာက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုတာကလည်း အားလုံးတောင်းဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာကို ပိုအာမခံတဲ့ အနေအထားနဲ့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အားလုံးနားလည်လာရင်တော့ အားလုံးတက်ရောက်မယ်၊ အားလုံးလက်မှတ်ရေးထိုးမယ်လို့ ကျနော့အနေနဲ့ ပြောချင်ပါတယ်။ ”

UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဓိကကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လောလောဆယ် မှာတော့ UNFC အဖွဲ့ဝင် ၁၁ ဖွဲ့ထဲက KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တအာန်းခေါ် ပလောင်ပြည်နယ်လွတ်မြောက် ရေးအဖွဲ့ (PSLF) ကတော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်မထိုးရသေးပါဘူး။
KIO အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအကြား စက်တင်ဘာလလယ်လောက်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၇ ရက်နေ့ကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတို့ ချင်းမိုင်မှာ တွေ့ဆုံခဲ့ကြပြီး ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် မပြေလည်သေးတဲ့ စစ်ရေးအခြေအနေတွေနဲ့ အောက်ခြေတပ်တွေ ထိတွေ့တဲ့အနေအထား၊ နောက် နှစ်ဘက်နယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG