သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအောင်မိုးညို အဂတိစွဲချက်နဲ့ ထောင် ၁၈ နှစ် ချမှတ်ခံရ


မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိလိုက်စားမှု ၆ မှုအတွက် ထောင်ဒဏ် ၁၈ နှစ် ချလိုက်ပါတယ်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦးတို့ကိုလည်း အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်မှုနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချလိုက်ပါတယ်။ တခြား NLD ပါတီဝင်တချို့ကိုလည်း ဒီနေ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦးတို့ကို ရန်ကုန်အင်းစိန်ထောင်တွင်း တရားရုံးကနေ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြစ်ဒဏ်ချခဲ့တယ်ဆိုတာ သူတို့ရှေ့နေတွေက အတည်ပြုပါတယ်။ သူတို့ သုံးယောက်လုံးဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ကြရတာပါ။

စစ်တပ်အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ထုတ်ပြန်တဲ့ ကြေညာချက် နှစ်ခုကြောင့် အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ၅၀၅-ခ နဲ့ သုံးယောက်လုံး တရားစွဲခံရပြီး အခု ထောင်ဒဏ် နှစ်နှစ်စီ ချခံရတာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုလည်း ဒီနေ့မှာပဲ ထောင်ဒဏ် ၁၈ နှစ် ထပ်ချပါတယ်။ သူတဦးတည်းအပေါ် စွဲထားတဲ့ အဂတိလိုက်စားမှု ၃ မှု၊ တခြားတိုင်းဝန်ကြီးတွေနဲ့ ပူးတွဲစွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၃ မှု၊ စုစုပေါင်း ၆ မှုအတွက် တမှုကို ၃ နှစ်စီ ထောင်ချခဲ့တာလို့ သူ့ရှေ့နေက ပြောပါတယ်။ ဒေါက်တာအောင်မိုးညိုဟာ ပုဒ်မ ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ဇွန်လက ထောင်ဒဏ်နှစ်နှစ် ချခံထားရပြီးဖြစ်တာကြောင့် အခုဆိုရင် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ရှိသွားပါပြီ။

NLD အစိုးရလက်ထက် မကွေးတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ကိုလည်းထောင်ဒဏ်တွေ ချခဲ့တဲ့အကြောင်း ရှေ့နေကပြောပါတယ်။

"အဂတိလိုက်စားမှု တိုက်ဖျက်ရေး ၅၅ နဲ့က ၈ မှုစွဲတာနော်။ ဒေါက်တာအောင်မိုးညို တယောက် တည်းက ၆မှု၊ တမှုကို သုံးနှစ်စီ ချလိုက်ပါတယ်။ ၆ မှုရှိတော့ ၁၈ နှစ်ပေါ့။ နောက် ဒေါက်တာခင်မောင်အေးက ၃ မှုဆိုတော့ ၉ နှစ်ပေါ့။ နောက်ဦးတင်နွယ်ဦးက ၄ မှုရှိတော့ သူက ၁၂ နှစ်ပေါ့။ နောက် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာက နှစ်မှုရှိတော့ ၆ နှစ်ပေါ့။ ဒီမနက် ၁၀ နာရီလောက် မှာ အမိန့်ချပါတယ်။ ကာယကံရှင် ဒေါက်တာအောင်မိုးညို၊ ဒေါက်တာခင်မောင်အေး၊ ဦးတင်နွယ်ဦးတို့ကတော့ အယူခံမဝင်တော့ဘူးပြောတာ။ ဦးတာကတော့ အယူခံဝင်မယ်ပြောတယ်။"

ဒေါက်တာအောင်မိုးညို တယောက်တည်းအပေါ် အဂတိလိုက်စားတယ်ဆိုပြီး စွပ်စွဲခဲ့တာတွေကတော့ Denko ဆီဆိုင် မြေနေရာအတွက် လယ်ယာမြေ သုံးစွဲခွင့်ရဖို့ ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်တို့ အဖွဲ့က NLD အတွက် အလှူငွေ ကျပ် သိန်း ၅၀၀ ပေးတာကို လက်ခံတယ်ဆိုတဲ့ အမှုတမှု၊ မကွေးပညာရေးကောလိပ်မှာ သုံးထပ်ဆောင်နဲ့ စာသင်ဆောင်ဆောက်ဖို့ တင်ဒါမအောင်တဲ့ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့တယ်ဆိုတဲ့ကိစ္စအတွက် အမှု နှစ်ခုတို့ ဖြစ်ပါတယ်။ ဒီအမှု သုံးမှုအပါအဝင် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိလိုက်စားမှု စုစုပေါင်း ၉ မှုနဲ့ တရားစွဲထားတာပါ။

"ကျော်ဇောသတင်းမရှိကြောင်းလည်း တရားလိုဘက်က ထွက်တယ်။ တရားလိုကိုယ်တိုင်ပြောတာပါ။ ဝန်ကြီးအပါအဝင် စွဲဆိုခံရတဲ့သူတွေဟာ အဂတိလိုက်စားမှု ကျော်ဇောသတင်းမရှိတဲ့အကြောင်း၊ နောက်တခုက နစ်နာတယ်ဆိုတဲ့ ငွေကြေးတွေနဲ့ပတ်သက်လို့ လည်း သိမ်းဆည်းရမိတာမရှိကြောင်း အဲလိုတော့ ထွက်ဆိုထားခဲ့တာပါပဲ။ အဲတော့ ကျနော်တို့ကတော့ ဥပဒေအချက်အလက်တွေ အရ အယူခံဝင်သင့်တယ်လို့ ပြောချင်ပါတယ်။ အယူခံမှာ အမိန့်က ဘယ်လိုချတာမချတာ ကျနော်တို့အပိုင်းမဟုတ်ဘူး။ ဥပဒေအချက်အလက် အကြောင်းအချင်းအရာ အချက်အလက်အရတော့ အယူခံဝင်သင့်တယ်လို့ပဲ ကျနော်ကတော့ပြောလိုပါတယ်။”

ဒေါက်တာအောင်မိုးညိုဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုနှစ်ခုအပြင် ရွေးကောက်ပွဲကာလ မလျော်ဩဇာသုံးပြီး မဲအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၁၇၁ (စ) နဲ့လည်းတရားစွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[/Unicode]]










============

XS
SM
MD
LG