သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ် ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇဝင်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။

သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။

“အန်တီစုက ဗိုလ်ချုပ် သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ movie တည်ဆောက်ချင်လို့ ကျနော်တို့ဆီကနေ အကြံဉာဏ်လေးတွေ တောင်းတယ်။ အန်တီစု ဖြစ်ချင်တဲ့ပုံစံမျိုးလေးတွေကို လာပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ။ ရုပ်ရှင်ရိုက်ဖို့အတွက်ပါ။ ဗိုလ်ချုပ်ရဲ့ biography ကို ရုပ်ရှင်အဖြစ် အန်တီစု ရှိနေတဲ့အချိန် အတွင်းမှာ ဖြစ်သွားစေချင်တဲ့ဆန္ဒလေးပေါ့။ သူ့ရဲ့ ဆန္ဒလေးကို ကျနော်တို့ ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဒါရိုက်တာပိုင်းတွေရောကို ခေါ်ပြီးတော့ ပြောတာပါ။ ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းတစ်ခုကို ကျနော်တို့ မြန်မာ့ရုပ်ရှင်နဲ့ နိုင်ငံတကာက အကူအညီတွေနဲ့ပေါ့နော် ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မလဲ ဆိုတဲ့ သဘောတရားနဲ့ ကျနော်တို့ဘက်က လုပ်ချင်တဲ့ပုံစံလေးနဲ့ ဖြစ်ချင်တဲ့ပုံစံလေးကို အန်တီစုကနေ ကျနော်တို့ရဲ့ အိုင်ဒီယာလေးတွေကိုလည်း ခေါ်မေးပြီးတော့ အန်တီစုဖြစ်ချင်တဲ့ ပုံစံလေးတွေကိုလည်း ပြောပြတဲ့သဘောပါပဲခင်ဗျ ဒီနေ့ကတော့။”

အခြေခံအားဖြင့်တော့ ဗိုလ်ချုပ်ဆောင်ဆန်းမွေးဖွားခဲ့တဲ့ နှစ်တစ်ရာပြည့်အမှီ ၂၀၁၅ ခုနှစ်မှာ ဒီဇာတ်ကားကို ထုတ်နိုင်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ကိုနေတိုးက ဆက်ပြောပါတယ်။

“ဒီမှာက အခုကတော့ ဒီကားရိုက်ဖို့အတွက် အဓိကက ကျနော်တို့ ကဒ်တူး ရေးပြီးတော့မှ ဇာတ်ကားဖြစ်မြောက်ရေး ကော်မတီလေးတစ်ခု ဖွဲ့ဖို့အကြောင်းလေးကိုတော့ နောက်ဆုံး ပြောဖြစ်သွားတာပေါ့။ ဆိုတော့ အဓိက ကတော့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှာ ဒီ နောက်ထက်လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ ဒီကားလေးကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားဖို့အတွက် အန်တီစုက ကျနော်တို့ကို ဆွေးနွေးတာပေါ့နော်။”

ကော်မီတီဖွဲ့တယ်ဆိုပေမဲ့လည်း ဘယ်သူက ဘယ်လိုအခန်းကဏ္ဍမှာ ပါကြမယ်၊ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်မယ့် ရန်ပုံငွေကို ဘယ်လို ရှာကြမယ်ဆိုတဲ့ အသေးစိတ် တာဝန်ခွဲဝေမှုတွေကတော့ အတိအကျ မဆုံးဖြတ်ရေးသေးဘူးလို့ ဆိုပါတယ်။

တကယ်လို့ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် မြန်မာ့လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင် ဖြစ်လာမှာပါ။

အရင် နဝတ စစ်အစိုးရတက်လာပြီး မကြာသေးခင်ကာလအထိ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ထားခဲ့တယ်လို့ လူအများက သုံးသပ်ခဲ့ကြတာပါ။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်လို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သို့လောသို့လော ပြောဆိုမှုတွေ အနုပညာရှင် အသိုင်းအဝိုင်းကြားမှာရော၊ မြန်မာလူထုအကြားမှာပါ ရှိခဲ့ပေမဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရိုက်ဖို့ ဆန္ဒရှိတဲ့အတွက် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပါ။

ဗိုလ်ချုပ်လို ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇဝင်ကို ရိုက်ကူးမှာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံက သန့်ရှင်း ကောင်းမွန်စေချင်တဲ့အကြောင်း ဒီကနေ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက ပြောပါတယ်။

“ဗိုလ်ချုပ်ရဲ့သမိုင်းကို ရိုက်မှာဆိုတော့ အရမ်းကို historical ဖြစ်တယ်။ အတ္ထုပ္ပတ္တိတစ်ခု ရိုက်မှာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာရော အနုပညာပိုင်းဆိုင်ရာရော အရာအားလုံးကို သန့်ရှင်းသော၊ စည်းလုံးသော၊ ရိုးသားသောအရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတ္ထုပ္ပတ္တိမျိုးကို တည်ဆောင်ချင်တယ်ပေါ့။ ငွေကြေးပိုင်းကအစပေါ့။ ကျနော်တို့တွေ အများကြီး စုပေါင်း ကြိုးစားလိုက်မယ်ဆိုရင် အတ္ထုပ္ပတ္တိကောင်း Art တစ်ခု ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ အချိန်တော်တော်ယူရမှာပါ။”

အဆိုတော် ချစ်သုေ၀ ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်ခဲ့တဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ရုပ်ရှင်လောက က အထင်ကရပုဂ္ဂိုလ်တွေ၊ ဂီတပညာရှင်တွေ အများအပြား တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG