သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာ ကမ္ဘာ့ ကျန်းမာရေး ထိပ်သီး ညီလာခံ ဒေါ်စု တက်မည်


ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျခရီးစဉ်အတွင်း မိန့်ခွန်းပြောစဉ်။
ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျခရီးစဉ်အတွင်း မိန့်ခွန်းပြောစဉ်။
ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေ့မှာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။
အဲဒီညီလာခံ ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် ကလည်း တက်ရောက်မှာဖြစ်သလို သီတဂူဆရာတော် အရှင်ဉာဏိဿရတို့ လည်း တက်ရောက်မှာဖြစ်တယ်လို့ NLD ကျန်းမာရေးကွန်ရက်ကဒေါက်တာ တင်မျိုးဝင်းကပြောပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗီအိုအေ သတင်းထောက်ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ကာတာ ဖောင်ဒေးရှင်းကနေ အဓိက ကြီးမှူးပြီး ကျင်းပမဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က သဘာပတိ အနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ခေါင်းစဉ် နဲ့ ဟောပြောမှု တစ်ခုကို ပြုလုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ကျန်းမာရေး ဆရာဝန်လည်း ဖြစ်၊ NLD ကျန်းမာရေး ကွန်ယက် ရဲ့ တာဝန်ရှိသူလည်း ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက ဗွီအိုအေကိုပြောပါတယ်။

ဆွေးနွေးပွဲကျင်းပမယ့် ကာတာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင် ထွက်ခွာမှာ ဖြစ်ပြီးတော့ ရန်ကုန်မြို့ကို ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ပြန်လည် ရောက်ရှိမှာဖြစ်တယ်လို့ သူကပြောပါတယ်။

"Wish လို့ခေါ်တယ်လေ။ The World Innovation Summit for Health ပေါ့လေ။ စပွန်ဆာက ကာတာဖောင်ဒေးရှင်းကလုပ်တာ။ ကျနော်တို့က ကိုးရက်နေ့ မနက်ကို ထွက်မယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် က နေ့လည်ထွက်မယ်ပေါ့။"
The World Innovation Summit for Health (WISH)
The World Innovation Summit for Health (WISH)
The World Innovation Summit for Health (WISH)
The World Innovation Summit for Health (WISH)

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲချုပ်က လွှတ်တော် ကိုယ်စားလှယ် အချို့လည်း ခရီးစဉ် အတွင်းလိုက်ပါဖို့ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ခရီးစဉ်အတွင်း ဘယ်သူတွေ လိုက်ပါမယ် ဆိုတာကို တော့ အတည်ပြုပြောဆိုသွားတာ မရှိသလို NLD ကျန်းမာရေးကွန်ယက်ကိုတော့ သူက ပဲ ကိုယ်စားပြု တက်ရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါက်တာ တင်မျိုးဝင်းအနေနဲ့ ဆွေးနွေးပွဲအတွင်းမှာ မန်မာနိုင်ငံမှာ ယဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့အမှု ဆိုပြီး စောင့်ဆိုင်းတာတွေ မရှိကြဖို့အပြင် တာဝန်ယူမှုရှိတဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သက်တဲ့ အကြောင်း တင်ပြဆွေးနွေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

" ကျနော်က နှစ်ခုရွေးထားတာပေါ့နော်။ တခုကတော့ Traffic Accident လေ။ လမ်းပေါ်မှာ ယာဉ်နဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတာတွေ၊ ဒုတိယတခုကတော့ Accountable Care ပေါ့။ တာဝန်ယူမှုရှိသော လူနာပြုစုစောင့်ရှောက်မှုပေါ့။ ဒါက ကျနော့် ရွေးချယ်မှုပေါ့လေ။ အန်တီကတော့ Mental Healthကို ရွေးထားတယ်လို့သိရတယ်။ ၁၁ ညနေကျရင် အားလုံးပြန်လာကြမယ်။ ၁၂ မနက်လောက် အားလုံးပြန်လာကြမှာပေါ့နော်။"

ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှုညီလာခံကို ဒိုဟာမြို့ ကာတာ အမျိုးသားကုန်သွယ်မှု စင်တာမှာ ပြုလုပ်မှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်သလို ပြည်တွင်း ကျန်းမာရေး ကိစ္စတွေ ကို အလေးပေး လုပ်ဆောင်လေ့ရှိတဲ့ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရလည်း တက်ရောက်မှာဖြစ်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်းမှာတော့ နိုင်ငံခြားခရီးစဉ်တွေ ဆက်နေတဲ့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ဆုံပြီး ကျန်းမာရေဒ စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ အခုလို စစ်ဆေးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးဟာ သူမ အသက်အရွယ်နဲ့ မလိုက်အောင် အထူးကောင်းမွန် တာကို တွေ့ရတယ်လို့ လည်း ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။

အခု ကာတာ ခရီးစဉ် က ပြန်လာပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး စစ်ဆေးမှုအခြေအနေကို ပြည်သူတွေ သိနိုင်အောင် ထုတ်ဖော်ပြောပြမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

" ပြန်လာမှ ကျနော်ထုတ်ပြောပါမယ်။ ကျမ်းမာရေးအရမ်းကောင်းပါတယ်။ အရမ်းကောင်းပါတယ်။"

ပြီးခဲတဲ့ လ ၂၆ ရက်နေ့ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျနိုင်ငံကို သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ညီလာခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ သြစတြေးလျ ခရီးစဉ်အတွင်း တက္ကသိုလ်လေးခုက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၄ ခု ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရပါတယ်။ သူမဟာ ဒီဇင်ဘာလ ၂ ရက်နေ့ ကမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ တာလည်း ဖြစ်ပါတယ်။

၂၀၁၃ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ညီလာခံကြီးကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေး သံအမတ်ကြီး အဖြစ် ခန့်အပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် က HIV/AIDS ဝေဒနာရှင်တွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ နဲ့ ခွဲခြားဆက်ဆံတာတွေ ရှိလာရင်လည်း ကမ္ဘာက လုံးဝ လက်မခံဘူးလို့ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG