သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အဂတိမှု ၅ မှု စစ်ကောင်စီထပ်တိုး 


Myanmar's leader Aung San Suu Kyi
Myanmar's leader Aung San Suu Kyi

[[Zawgyi/Unicode]]

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အဂတိလိုက်စားမှု ၅ မှုနဲ့ ထပ်တိုး တရားစွဲဖို့ပြင်ဆင်နေပါတယ်။ ရဟတ်ယာဉ် ငှားရမ်းမှု၊ သစ်လုပ်ငန်းပါမစ် လျှောက်ထားမှု စတာတွေနဲ့ပတ်သက်ပြီး တရားစွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရလက်ထက်က ဝန်ကြီးသုံးဦးတို့အပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုကိုလည်း ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ပြန်ပြီး ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ နောက်ဆုံးသိထားရသမျှရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အဂတိလိုက်စားမှု ၅ မှုနဲ့ တရားရုံးမှာ လက်ရှိရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတာပါ။ ရဟတ် ယာဉ်ငှားရမ်းမှုနဲ့ပတ်သက်လို့ အမှု ၃ ခု၊ သစ်လုပ်ငန်းပါမစ် လျှောက်ထားမှုနဲ့ပတ်သက်လို့ အမှု ၂ ခု ဖြစ်ပြီး ဒီအမှုတွေမှာ NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နဲ့လည်း အမှုတွဲထားတယ်လို့ စုံစမ်းသိရပါတယ်။

လောလောဆယ်တော့ ဘယ်သူနဲ့ ဘယ်လို အမှုတွဲတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ တရားရုံးနဲ့နီးစပ်သူ ရှေ့နေတဦးကတော့ ဗွီအိုအေကိုပြောပြပါတယ်။

“မစွဲသေးဘူး။ မနက်ဖြန်မှစွဲမယ်ကြားတယ်။ ၅ မှုထပ်စွဲတယ်။ အတိအကျကတော့ မနက်ဖြန်မှပြောလို့ ရမှာပေါ့၊ ဟယ်လီကော်ပတာနဲ့ပတ်သတ်ပြီး ၃ မှုပါ့ဗျာ။ ပြီးတော့ မြန်မာ့သစ်လုပ်ငန်းက သစ်ဝယ်တာနဲ့ပတ်သက်လို့ ၂ မှုပေါ့။ ၅ မှုလို့ကြားတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ဒေါ်လာနဲ့ရွှေတွေ ရယူမှုအတွက် အဂတိ လိုက်စားမှု ၁ မှု၊ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစီမံကိန်းအတွက် မြေနေရာယူမှု၊ နေအိမ်ဆောက်မှုတို့အတွက် အဂတိမှု ၃ မှု၊ ရန်ကုန်တိုင်းမှာလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာယူမှုနဲ့ အဂတိအမှု ၁ မှု စုစုပေါင်း ၅ မှုနဲ့တရားရင်ဆိုင်နေရတာပါ။ အခုထပ်စွဲမယ့် အဂတိအမှု ၅ မှုပါပေါင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု ၁၀ မှု ရှိသွားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို အမှုအကြောင်းမပြောဖို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ထားတာကြောင့် အမှုတွေအကြောင်းအသေးစိတ်ကိုတော့ မသိရနိုင်ပါဘူး။

လက်ရှိ နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် ဒီနေ့ ပြန်လည်ကြားနာစစ်ဆေး ပါတယ်။ စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ့တယ်လို့ဆိုပြီး Sean Turnell နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် စုစုပေါင်း ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ခရစ္စမတ်ရုံးပိတ်ရက်တွေအပြင် အမှုတွဲမှာပါတဲ့ ဝန်ကြီးဦးစိုးဝင်း ကင်ဆာရောဂါအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ကြားနာစစ်ဆေးမှုတွေ တလလောက် ဆိုင်းထားရာကနေ ဒီနေ့ပြန်လည် စစ်ဆေးတာဖြစ်ပါတယ်။

ဒီနေ့ပြန်လည် ကြားနာတဲ့အခါ စစ်ကောင်စီဘက်ကတင်တဲ့ သက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ဒုရဲမှုး အဆင့်ရှိတဲ့ ရဲအရာရှိတယောက်နဲ့ ရာအိမ်မှူးတယောက်တို့ကို ဒီကနေ့ စစ်ဆေးခဲ့တယ်လို့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဒီနေ့က စစ်ဖြစ်တယ်။ သက်သေ ၂ ယောက်စစ်ပါတယ်။ ဒုရဲမှူးတယောက်ရယ် ရှာဖွေသက်သေ တယောက်ရယ် ဒီ ၂ ယောက်ကိုစစ်ပါတယ်။ ဦးစိုးဝင်းကတော့ လောလောဆယ် ခွဲစိတ်ကုသမှုခံယူထားတယ်ပေါ့။ လောလောဆယ် ခံယူဆဲပေါ့။ ကျန်တာတော့မပြောဘူး တရားရုံးကဖတ်ပြတာပေါ့နော်။ ရုံးချိန်းကဆက်ချိန်းထားတယ်။ ကြာသပတေးနေ့တိုင်းချိန်းထားတယ်။”

ကင်ဆာဝေဒနာကြောင့် အစာအိမ်အရေးပေါ်ခွဲစိတ်မှုလုပ်ခဲ့ရတဲ့ ဦးစိုးဝင်းအခြေအနေက တိုးတက်မလာသေးတဲ့အတွက် ဆေးရုံဆင်းခွင့်မရသေးတာမို့ ဒီကနေ့ ရုံးချိန်းကို မတက်ရောက်နိုင်ကြောင်း တရားရုံးကိုတင်ပြခဲ့တယ်လို့ သိရပါတယ်။

Sean Turnell တတည်းအပေါ် စွဲဆိုထားတဲ့ လဝကအမှုကိုလည်း ဒီနေ့စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတဦးကို စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။ အမှုနှစ်ခုလုံးစစ်ဆေးချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်မသိရပါဘူး။ နောက်ထပ်ရုံးချိန်းကို လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီ ၂၀ ရက်ကို ထပ်မံချိန်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိမှာ အမှု ၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]
















=============

XS
SM
MD
LG