သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်ခရီးမှာ ဖွဲ့စည်းပုံပြင်ရေး ဒေါ်စု ဟောပြော


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံအား Coko Dmoe ရဲ့ FB မှ ကူးယူဖော်ပြပါသည်။)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံအား Coko Dmoe ရဲ့ FB မှ ကူးယူဖော်ပြပါသည်။)
ရှမ်းပြည်နယ်ကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ လူထုကို ဟောပြောခဲ့ပါတယ်။ တိုင်းရင်းသားတွေဟာ ပြည်မနဲ့ တန်းတူအခွင့်အရေး ရဖို့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အရေးကြီးကြောင်းကိုလည်း အဓိကထား ဟောပြောခဲ့တယ်လို့ ဆိုပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရှမ်းပြည်နယ်ကို ၂ ရက်ကြာခရီး ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ နမ့်ခမ်း၊ မိုးနည်းနဲ့ လင်းခေးတို့မှာ အခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးအတွက် စစ်မှန်တဲ့ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးတွေကို အဓိကထား ဟောပြောပါတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောပြပါတယ်။

“ဒီနေ့မနက် နန်စန် ဘောလုံးကွင်းမှာ မနက်ကိုးနာရီတိတိမှာ ဟောပါတယ်။ နေ့လည်ကကျတော့ မိုးနည်းမြို့ဘောလုံးကွင်းမှာ ၁၁ နာရီခွဲမှာ ဟောပါတယ်။ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကိုလည်း ပြည်သူလူထုရဲ့ဆန္ဒခံယူပါတယ်။ အဲဒါပြီးတော့ ၃ နာရီ ၁၅ မှာ လင်းခေးမြို့ဘောလုံးကွင်းမှာ ဟောပြောပွဲ လုပ်ပါတယ်။ ပြည်သူလူထုကို ဖွဲ့စည်းပုံဥပဒေကို ရှင်းလင်းပြီးတော့ ဖွဲ့စည်းပုံ ဥပဒေနဲ့ပတ်သက်တဲ့ ဆန္ဒလည်းခံယူပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုပဲ တိုင်းရင်းသားဒေသတွေအနေနဲ့ အရေးကြီးတယ်၊ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပေါင်းစည်းရေးပေါ့နော်၊ တိုင်းရင်းသားတွေ အားလုံး ပေါင်းစည်းရေးစနစ်နဲ့သွားတယ်။ ပြည်မနဲ့ပြည်နယ်တွေရဲ့ အခွင့်အရေးဟာ တန်းတူဖြစ်ပါတယ် ပေါ့နော်။ အဲဒီဟာတွေကို ဟောပြောပါတယ်။ ပြည်မနဲ့ ပြည်နယ်တွေရဲ့အခွင့်အရေးတွေ တန်းတူရအောင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရင်းနဲ့ လုပ်ဆောင်ပေးသွားမယ်ဆိုတာ ပြောပါတယ်။”

မေး။ ။ အတိုက်အခံ ခေါင်းဆောင်ရဲ့ ရှမ်းပြည် ခရီးစဉ်အတွင်းမှာ ဒေသခံတွေရဲ့ ကြိုဆိုမှုကရော ဘယ်လို ရှိပါသလဲ။

“လာကြတဲ့ပရိသတ်ကတော့လေ- မနေ့က ညမိုးချုပ်ကြီးလာတာကိုပဲ လွယ်လင်တောင်ကြားပေါ့နော်- တောင်ကြား အကွေ့အကောက် လမ်းတလျှောက်မှာကို မီးပုံလေးတွေနဲ့ ကြိုပါတယ်။ ဒီနေ့လည်း နန်စန်မှာလည်း ကွင်းပြည့်ပါတယ်။ မိုးနည်း၊ လင်းခေး- အကုန်လုံးက လူတွေ အပြည့်အလျှံလာပါတယ်ရှင့်။”

ဒီကနေ့ စနေနေ့ညမှာတော့ လင်းခေးမြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပြီး မနက်ပိုင်းမှာတော့ လင်းခေးမြို့နဲ့ မိုးနည်းမြို့က ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ပြီး ဆရာတော်တွေကို ဖူးမြော်မှာ ဖြစ်ပါတယ်။ ဒီကနေ တောင်ကြီးကို သွားမှာဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆန္ဒကောက်ယူဖို့အတွက် ဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကြီးမှာကျင်းပမယ့် ဟောပြောပွဲကိုတော့ အရင်က စီစဉ်ထားသလို တောင်ကြီး မီးပုံးပျံကွင်းမှာ ဟောပြောခွင့်မရပါဘူးလို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“တောင်ကြီးဟောပြောပွဲအခြေအနေက ကျမတို့ မူလတောင်းတဲ့ အဝေယာ မီးပုံးပျံကွင်းကို မရပါဘူး။ စစ်တပ်ပိုင် ကွင်းဖြစ်သွားတဲ့အတွက်ကြောင့်ဆိုပြီး မရဘူး။ ဒါပေမယ့် အဲဒီမီးပုံးပျံကွင်းမှာပဲ ကျမတို့က ပြည်သူလူထုက အဲဒီကိုပဲလာမယ်၊ မီးပုံးပျံကွင်းဘေးမှာ ပုဂ္ဂလိကပိုင် နေရာတစ်ခုရှိပါတယ်။ အဲဒီနေရာကနေ ဒေါ်အောင်ဆန်းစုကြည်ဟောဖို့ ကျမတို့ စီစဉ်ထားပါတယ်ရှင့်။ ပြည်သူလူထုကိုဝေထားတာလည်း ညနေ ၃ နာရီမှာ ဟောပြောပွဲ စမှာပါ။”

လွှတ်တော် ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ ကာလအတွင်း လွှတ်တော် နားချိန် စနေ၊ တနင်္ဂနွေနေ့တို့မှာ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်ခရီးစဉ် စတင်ခဲ့တာ ဖြစ်ပြီး မနက်ဖြန် တနင်္ဂနွေနေ့ တောင်ကြီးမှာ ဟောပြောပွဲ အပြီးမှာတော့ တနလာၤနေ့ လွှတ်တော်တက်ဖို့ နေပြည်တော်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG