သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆု AI ပြန်ရုပ်သိမ်း


အိုင်ယာလန်နိုင်ငံ Dublin မြို့မှာ ၂၀၁၂ခုနှစ်က AI ရဲ့ လူ့အခွင့်အရေးဆု ပေးအပ်ပွဲအခမ်းအနားမှာ ဆုကို လက်ခံရယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ရက်စက်ဖိနှိပ်မှုတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကန့်ကွက်ပြောဆို၊ ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ဆိုပြီး သူ့ကို ချီးမြှင့်ထားတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကို မနေ့ တနင်္လာနေ့က ပြန်ပြီးရုပ်သိမ်းကြောင်း AI ကကြေညာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆုကို လက်ခံရရှိစဉ်တုန်းက ပြောခဲ့တဲ့ ယုံကြည်မှုနဲ့ ခံယူကြည်ချက် ကတိတွေ မလုပ်နိုင်ခဲ့ဘူးဆိုတာ သူကိုယ်တိုင် အသိတရားရစေဖို့ ဖြစ်တယ်လို့ AI ရဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

အရင် စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ နီးပါး နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်တွေရဲ့ ဖိနှိပ်မှုကို အရှုံးမပေး ဒူးမထောက်ခဲ့တဲ့အတွက် နိုင်ငံတကာ စံပြုထိုက်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးအနေနဲ့ ၂၀၀၉ခုနှစ်က AI ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ International Ambassador of Conscience Award နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုကို ချီးမြှင့်ခဲ့တာပါ။

ဒါပေမဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ တနင်္လာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဒီဆုကို ပြန်ပြီးရုပ်သိမ်းကြောင်း AI အဖွဲ့က ကြေညာခဲ့ပါတယ်။ သူတို့ ဆုကို ဘာကြောင့် ရုပ်သိမ်းရသလဲဆိုတာကို AI ရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က အခုလို ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ယုံကြည်တာက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေဆိုးရွားမှုဟာ မြန်ဆန်နေပြီး အထူးသဖြင့် အခြေအနေတွေ ဆိုးဆိုးရွားရွားခံစားနေရတဲ့ ရိုဟင်ဂျာတွေ အပါအ၀င် လူနည်းစု တိုင်းရင်းသားတွေဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အုပ်ချုပ်နေတဲ့ အချိန်မှာ ဖြစ်နေတာပါ။ ဒါကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်မလာအောင် ထိန်းချုပ်တားဆီးဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပျက်ကွက်ခဲ့တဲ့အပြင် အခြေအနေတွေဟာ ပိုပြီး ဆိုးရွားလာတယ်လို့ တောင် ကျနော်တို့ ယုံကြည်ပါတယ်။"

ဆုကို ပြန်ပြီးရုပ်သိမ်းတော့မယ့်အကြောင်း AI အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Kumi Naidoo ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ဆီကို လွန်ခဲ့တဲ့ရက်ပိုင်းလောက်က အကြောင်းကြားစာပေးပို့ခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဆီက AI အဖွဲ့ကို အကြောင်းတစုံတရာ တုန့်ပြန်ခဲ့ခြင်းမရှိဘူးလို့ Francisco Bencosme က ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ပေးအပ်ချီးမြှင့်ထားတဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတွေကို ပြန်ပြီးရုပ်သိမ်းနေတာတွေနဲ့ ပတ်သက်လို့ အောက်တိုဘာလက ဂျပန်ခရီးစဉ်အတွင်း NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ဆုတွေ၊ ဂုဏ်ပြုတာတွေကို အလေးမထားကြောင်းနဲ့ ဒီလိုပဲ ဆုတွေကို ပေးလိုက်၊ ပြန်ယူလိုက် ရှိနေမှာပဲလို့ တုန့်ပြန်ပြောဆိုခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ AI ရဲ့ သဘောထား ဘယ်လိုရှိပါသလဲလို့ မေးကြည့်တော့

"AI အဖွဲ့ကြီး ကသူ့ကို ပေးအပ်ချီးမြှင့်ထားတာဟာ အဖွဲ့ရဲ့ အမြင့်ဆုံး ဆုတခုပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ပါတယ်။ သူလွတ်မြောက်ရေးသေချာစေဖို့အတွက် အခြားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီး နိုင်ငံကတကာမှာ စည်းရုံးလှုပ်ရှားမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် သူ့ကို ဆု ပေးအပ်တုန်းက လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်အဖြစ် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ ကျနော်တို့ယုံကြည်ခဲ့တာပါ။ အခုတော့ စိတ်မကောင်းစွာပဲ သူ့မှာရှိခဲ့တဲ့ အခွင့်အရေးလမ်းကြောင်းတွေကို အသုံးမပြုပဲ သူ့အပေါ်ထားခဲ့တဲ့ စံ၊ တန်ဖိုးတွေကို ကျဆင်းအောင် သူကိုယ်တိုင်လုပ်ခဲ့တယ်လို့မြင်ပါတယ်။"

အခြားနိုင်ငံတကာဆုတွေ ရုပ်သိမ်းတဲ့ကိစ္စနဲ့ပတ်သက်လို့ AI အဖွဲ့အနေနဲ့ မှတ်ချက်ပေးပြောကြားဖို့မရှိဘူးလို့ Francisco Bencosme ကဆိုပါတယ်။ ဒါပေမယ့်လည်း AI အဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ အမြင့်ဆုံးဆုကို ပြန်ရုပ်သိမ်းခဲ့တဲ့အတွက် မျှော်လင့်ထားတဲ့ ရလာဒ်ကိုတော့ Francisco Bencosme က အခုလို ပြောပါတယ်။

"နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုဟာ ကျနော်တို့အတွက် အလွန်ထူးခြားတဲ့ ဆုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ AI ရဲ့ ရပ်တည်ချက်၊ စံတန်းဖိုးတွေ၊ ကမ္ဘာကြီးမှာရှိသင့်တဲ့ ၀တ္တရားကျင့်ဝ်တွေ စတာတွေကို ဒီဆုက ကိုယ်စားပြုပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ကျနော်တို့ ပေးထားတဲ့ ဆုကို ပြန်ရုပ်သိမ်းလိုက်ခြင်းအားဖြင့် ကျနော်တို့ မျှော်လင့်တာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ ဆုကို လက်ခံတုန်းက သူကိုယ်တိုင် ကတိပေးခဲ့တဲ့ စံတန်ဖိုး၊ ယုံကြည်ချက်၊ ခံယူချက် တွေကို ဆက်လက် ဆုပ်ကိုင်ထားခြင်းမရှိတော့ဘူးဆိုတာ အသိတရားရစေဖို့ ဖြစ်ပါတယ်။"

ဒါအပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်အရှိဆုံးဟာ မြန်မာစစ်တပ်ဖြစ်တယ်ဆိုတာ AI အဖွဲ့ကြီးက အမြဲပဲ ထောက်ပြခဲ့ကြောင်းလည်း Francisco Bencosme က ပြောပါတယ်။ AI ရဲ့ အစီရင်ခံစာတွေတိုင်းမှာလည်း ထိပ်တန်းစစ်ခေါင်းဆောင်တွေကို ပြစ်မှုကျူးလွန်မှုတွေအတွက် စစ်ဆေးအပြစ်ပေးဖို့ လိုအပ်တယ်ဆိုတာကို သက်သေအထောက်အထားတွေနဲ့ အမြဲပဲ ဖေါ်ပြခဲ့ကြောင်း Francisco Bencosme ကဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့ကာလ ၂၀၀၉ခုနှစ်မှာ ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ၂၀၁၂ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်္ဂလန်နဲ့ အိုင်ယာလန် နိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း Dublin မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်ပွဲအခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံခဲ့ရတဲ့ AI ရဲ့ အမြင့်ဆုံးလူ့အခွင့်အရေးဆု ဖြစ်တဲ့ International Ambassador of Conscience Award နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုကို လက်ခံရရှိဘူးတဲ့ နိုင်ငံတကာကဆုရှင်တွေထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်အာဖရိကနိုင်ငံခေါင်းဆောင် Nelson Mandela၊ ပါကစ္စတန်နိုင်ငံက ပညာရေးဆိုင်ရာ လှုပ်ရှားသူ Malala Yousafzai နဲ့ တရုတ်အစိုးရကို ဆန့်ကျင်သူ နာမည်ကျော် တရုတ်အနုပညာရှင် Ai Weiwei တို့လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရိုဟင်ဂျာတွေအကြမ်းဖက်ဖိနှပ်ခဲ့မှုကို အချိန်မှီ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်တာ၊ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကန့်ကွက် ပြောဆိုထောက်ပြခြင်း မရှိတာ စတာတွေကြောင့် သူ့ကို ချီးမြှင့်ထားတဲ့ ဆုတွေပြန်ရုပ်သိမ်းခံရတဲ့ဆုပေါင်း ၉ဆု နီးပါးရှိလာပြီး အဲဒီထဲ ထင်ရှားတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆု တချို့ကတော့ အောက်တိုဘာလက ကနေဒါနိုင်ငံက ၂၀၀၇ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ နိုင်ငံသားဂုဏ်ထူးဆောင်ဆု အပါအ၀င် မတ်လက အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်က ၂၀၁၂ခုနှစ် က ပေးအပ်ခဲ့တဲ့ Elie Weisel ဆုလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG