သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

JMC ငြိမ်းချမ်းရေးဆွေးနွေးစဉ် ရှမ်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ (JMC-U) တို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတဲ့နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှာ ပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်လည်း ဒေသခံပြည်သူ ၁,၅၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

သင်္ကြန်ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်တွေ တပ်မ ၄ ခုလောက် ရုပ်သိမ်းသွားခဲ့တာကြောင့် ဒေသတွင်း စစ်ရေးပဋိပက္ခတွေ ကျဆင်းလာနိုင်တယ်လို့ သုံးသပ်နေချိန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ (JMC-U) တို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ တွေ့ဆုံ ဆွေးနွေးနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေကိုတော့ TNLA ခေါ် ပလောင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က အခုလို ပြောပါတယ်။

PSLF - TNLA News & Info Department
PSLF - TNLA News & Info Department

“ဒီမနက် ၉ နာရီလောက်မှာလေ နမ့်ဆန်မြို့နယ် တာလတ်ရွာနဲ့ မန်လုံးရွာကြားမှာဖြစ်တယ်။ တိုက်ပွဲကတော့ ၁၅ မိနစ်လောက်ပဲကြာပါတယ်။ အထူးသဖြင့်ကတော့ သင်္ကြန်မတိုင်ခင် ဒီဘက်မှာ ထိုးစစ်လုပ်တဲ့ဟာက တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ ၉၉ တို့ကတော့ နောက်တန်းပြန်တယ်။ ဒါပေမဲ့ ၉၉ တို့ ၇၇ တို့ကတော့ အားလုံး နောက်တန်းမပြန်ဘူး။ ရှိနေသေးတယ်။ တပ်မ ၃၃ တခုလုံးဆိုရင်လည်း ဒီအထဲမှာ ရှိနေသေးတယ်။ စကခ ၁၆၊ စကခ ၁ လည်း ရှိနေသေးတယ်။ တိုက်ပွဲတွေမဖြစ်အောင် ရှောင်တော့ရှောင်တယ်။ တိုက်ပွဲအခြေအနေ တော်တော်လေးတော့ လျော့ကျသွားပါတယ်။ ဒါပေမဲ့ သူတို့ ဆက်ပြီး ရှိနေသေးတဲ့အတွက် တိုက်ပွဲကတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူး။ အနည်းအကျဉ်းတော့ ရှိနေမှာပေါ့။”

လွန်ခဲ့တဲ့ ၂၅ ရက်နေ့ကလည်း မန်တုံမြို့နယ်အတွင်းမှာ အနည်းဆုံးတိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်းနဲ့ လောလောဆယ် နှစ်ဘက်ထိခိုက်မှု အခြေအနေတွေကို သေချာ မသိရသေးကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းကိုးဒေသက ဖောင်းဆိုင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး KIA ခေါ် ကချင်တပ်ဖွဲ့က အရာရှိတဦးက အခုလို ပြောပါတယ်။

“ဖောင်းစံဘက်မှာ ၂ ရက် ၃ ရက်တော့ရှိပြီ။ သူတို့ စစ်ကြောင်းတွေ ဝင်လာလို့ ဖြစ်တဲ့ကိစ္စပါ။ အခုလောလောဆယ်က အဲဒီဘက်မှာ တပ်မ ၉၉ အဖွဲ့တွေရှိတယ်။”

ဒီတပတ်အတွင်းမှာ ကချင်ပြည်နယ် တာလောကြီးနဲ့ တနိုင်းဒေသဘက်တွေမှာလည်း ကြိုးကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီတိုက်ပွဲတွေကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးအသစ် ရောက်လာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

သင်္ကြန်ကာလက တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘက်မှာတော့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားတာ မကြားသိရကြောင်းနဲ့ လောလောဆယ်မှာ ဒေသခံပြည်သူတွေ ထွက်ပြေးနေရကြောင်းကို AA ခေါ် ရခိုင်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့ကတော့ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်တယ်ဆိုတဲ့ သတင်းလည်း ကျနော်တို့ဆီ မရောက်သေးဘူးခင်ဗျ။ မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပြီးတော့မှ ယမ်းပြီးတော့ ပစ်နေတာ အဲ့လိုတော့ရှိတယ်။ ရွာသားတွေကတော့ တော်တော်လေး ပြေးကြတယ်ဗျ။ တိုက်ပွဲဇုန်ထဲမှာ ဘူးသီးတောင်မြို့နယ်ထဲမှာ ဖြစ်တယ်။ နောက် ဒီ ရသေ့တောင်မြို့နယ်ထဲမှာရော ပုဏ္ဏားကျွန်း တပ်စွယ်ပေါ့လေ အဲဒီ လေးမြို့နယ်ထဲမှာ စစ်ရှောင်ဒုက္ခသည်က အခုဆိုရင် ၁,၄၀၀ - ၁,၅၀၀ လောက် ရှိသွားပြီဗျ။”

စစ်ရှောင်ဒုက္ခသည်တွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေက ဒေသခံအာဏာပိုင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက အဓိက ကူညီပေးနေပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးအင်အားစုတွေနဲ့အတူ ဒေသအလိုက် ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

ကချင်၊ ပလောင်နဲ့ ရခိုင် အပါအဝင် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ ကျန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်ထားပြီး လက်ရှိ သူတို့ရဲ့ သဘောထားကိုတော့ ခိုင်သုခက အခုလို ပြောပါတယ်။

“ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရဘက်ကနေပြီးတော့မှ ကျနော်တို့ရဲ့ ပါဝင်မှုကို သူတို့ဘက်က လက်မခံတဲ့အတွက်ကြောင့်မို့ ကျနော်တို့က ငြိမ်းချမ်းရေးခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရှေ့မဆက်နိုင်တာ ဖြစ်နေတယ်။ ဒါ အခုဖြစ်နေတဲ့ ပြဿနာကလည်းပဲ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က တွေ့ဆုံ ဆွေးနွေးရေးနဲ့သာလျှင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ဘက်က ယုံကြည်တယ်။ အဲဒါကြောင့်မို့ အခု NLD အစိုးရက ကမ်းလှမ်းလာမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကတော့ ကြိုဆိုတာပေါ့ဗျာ။”

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီ (JMC-U) အစည်းအဝေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို ၁ လ၊ ၂ လအတွင်းမှာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ကြဖို့ကို တိုက်တွန်း ပြောကြားထားပါတယ်။

XS
SM
MD
LG