ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ရက် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခန်းအနားမှာ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်း အတော်လေး ဂယက်ရိုက်သွားပါတယ်။ အဲဒါကတော့ “အထူးပဲ ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ ကျမတို့ရဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစု ပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ကျမတို့ အားလုံးဟာ ပြည်သူပြည်သား အားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ့်လောက် နှလုံးစိတ်ဝမ်း အေးချမ်းကြမလဲ၊ ဘယ့်လောက် ကျေးဇူးတင်ကြမလဲ၊ ဘယ့်လောက် ပီတိဖြစ်ကြမလဲ ဆိုတာ စဉ်းစားကြပါ။” ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ မေတ္တာရပ်ခံချက်ကို လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်က ဘယ်လို သဘောထားကြသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းသလို NCA စာချုပ်ကို လက်မှတ်ထိုးပြီး မကြာမီ ကျင်းပမယ့် ဒုတိယ အကြိမ် ၂၁ရာစု ပင်လုံညီလာခံကြီးထဲ ပါဝင်လာကြမလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလို မေတ္တာရပ်ခံချက်မျိုး အရင်တုန်းကလည်း ကမ်းလှမ်း ပြောဆိုခဲ့ဖူးပါပြီ။ ဒါပေမယ့် အခုတစ်ကြိမ် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA ဆိုတာ သူတို့ အင်န်အယ်လ်ဒီ က ပါဝင် ရေးဆွဲထားတာ မဟုတ်ဘူး၊ အရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးနီးပါဝင် ရေးဆွဲ သဘောတူထားတာ ဖြစ်တယ်။ သူတို့အနေနဲ့ အရင်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမွေဆက်ခံပြီး ဒီ စာချုပ်ကို အသိအမှတ်လည်းပြု၊ ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ တိုင်းရင်းသားတွေကိုလည်း လက်မှတ်ရေးထိုးစေချင်တယ် ဆိုပြီး ပြောခဲ့တာပါ။ ဒါမှန်ပါတယ်။ NCA စာချုပ် အပြီးသတ် ရေးဆွဲပြီးချိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ကေအဲန်ယူ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း၊ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဒေါက်တာ ဆလိုင်းလျှံမုန်းဆာခေါင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဓိပ္ပါယ်ကတော့ NCA စာချုပ်ပါ အချက်တွေကို သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သူတွေထဲမှာ လက်ရှိ အချိန်ထိ အပစ်အခတ် မရပ်စဲရသေးတဲ့ ကေအိုင်အို အဖွဲ့နဲ့ မွန်ပြည်သစ် ပါတီက ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ စာချုပ်ချုပ်ကြမယ်၊ လက်မှတ်ထိုးကြမယ် ဆိုတဲ့အခါမှသာ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် AAအဖွဲ့ အပါအ၀င် အားလုံး ပါဝင်ခွင့်မရလို့ ဆိုတဲ့ အခြေအနေအောက်မှာ ကေအိုင်အို ခေါင်းဆောင်တဲ့ UNFC အဖွဲ့ဝင်တွေ လက်မှတ် မထိုးခဲ့ကြတာပါ။
အခု ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဓိပ္ပါယ်က ကိုယ်ကိုယ်တိုင် ရေးဆွဲ၊ ကိုယ်ကိုင်တိုင်လည်း သဘောတူထားတဲ့ အချက်တွေပဲမို့ ဒီ NCA စာချုပ်ကို လက်မှတ်ထိုးလိုက်ကြပါ။ အပစ်အခတ်တွေ ရပ်စဲလိုက်ကြပါ။ ပြီးရင် သူဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ညီလာခံထဲ တင်းပြည့် ကြပ်ပြည့် ပါဝင်လိုက်ကြပါ ဆိုပြီး မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က တကယ်လို့ ညီလာခံထဲလာပြီး ဆွေးနွေးမှုတွေကို မကြိုက်ရင်၊ မမျှတဘူး ထင်ရင် ဆွေးနွေးမှုတွေထဲကနေလည်း အချိန်မရွေး ထွက်သွားလို့ ရတာပဲ၊ ဘယ်သူမှလည်း တားလို့ ရမှာ မဟုတ်ဘူး ဆိုပြီး စကားကုန်ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက် ထွက်ပေါ်လာပြီးနောက် တစ်ဖက် UNFC က ပုဂ္ဂိုလ်တွေ၊ ကေအိုင်အို ခေါင်းဆောင်တွေဆီက တုန့်ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က သူတို့အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံ တက်ဖို့နဲ့ NCA လက်မှတ်ထိုးဖို့ ကိစ္စ သူတို့ တင်ပြထားတဲ့ အချက်(၈) ချက်ကို အစိုးရကနေ အောင်အောင်မြင်မြင် ညှိနှိုင်းပေးနိုင်မယ့် အပေါ် မူတည်တယ် ဆိုပြီး ပြောဆိုလိုက်ပါတယ်။ အလားတူပါပဲ။ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်ကလည်း သူတို့ UNFC က တင်ပြထားတဲ့ အချက်(၈) ချက် ပြေလည်မှ NCA လက်မှတ်ထိုးမယ်လို့ ပြောပါတယ်။
တကယ်တော့ ကေအိုင်အို အဖွဲ့ဦးဆောင်တဲ့ UNFC ဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နဂို NCA စာချုပ်ကြီးကို လက်မှတ်ထိုးကြဖို့ စီစဉ်တုန်း က ပြောခဲ့ဆိုခဲ့တာတွေ နဲ့ ကွာခြားသွားပြီ ဆိုတဲ့ သဘောပါ။ အရင်တုန်းကတော့ အားလုံး မပါဝင်နိုင်လို့၊ လက်မှတ်မထိုးနိုင်သေးသူတွေ အတွက် အာမခံချက် မရှိလို့ ဆိုခဲ့ပြီး အခုတော့ အဲဒီ အချက်တွေအပြင် နောက်ထပ် (၈) ချက် ထပ်ပြီးတောင်းဆိုတာဟာ NCA စာချုပ်ကို ပြန်ပြင်ချင်တယ် ဆိုတာနဲ့ သဘော အတူတူပါပဲ။ ကေအိုင်အို ဦးဆောင်တဲ့ UNFC အဖွဲ့ ဘာကြောင့် NCA စာချုပ်ကို လက်မှတ်မထိုးချင်၊ ငြိမ်းချမ်းရေး ညီလာခံမှာ မပါဝင်ချင်သလို ဖြစ်ရသလဲ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲက လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေထဲမှာ နိုင်ငံရေး ဆိုင်ရာ ရပ်တည်ချက် နှစ်မျိုးကို ထင်ထင်ရှားရှား မြင်ရပါတယ်။ တစ်မျိုးကတော့ ပထမ တဆင့် ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲ၊ ပြီးရင် တစ်တိုင်းပြည်လုံးက ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေ ပါဝင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အရေး ဆွေးနွေး ကြမယ်။ ဆွေးနွေးလို့ ရလာတဲ့ အဖြေရလာဒ် အတိုင်း တိုင်းပြည်ကို တည်ဆောက်ကြမယ် ဆိုပြီး အယူအဆ ရှိတဲ့ အုပ်စုပါ။ အဲဒီထဲမှာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် SSA နဲ့ လက်နက်ကိုင် တိုင်းရင်းသား အုပ်စု တစ်ချို့ ပါဝင်ကြပါတယ်။ အဲဒီ အုပ်စုတွေဟာ NCA ကို လက်မှတ်ထိုး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်နေကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ UWSA ၀ တပ်ဖွဲ့ရဲ့ နိုင်ငံရေး လမ်းစဉ်ပါ။ ကိုယ့်လက်နက် ကိုယ် ကိုင်ထားပြီး ကိုယ်လိုချင်တာ တောင်းဆိုမယ်၊ အဲဒီအတွက် အစိုးရ၊ တပ်မတော်နဲ့ တစ်ဖွဲ့ချင်း ညှိချင်ညှိမယ်၊ ဒီလို အခြေအနေအောက်မှာ အစိုးရနဲ့ တပ်မတော်ဘက်က သူတို့ကို ဘာမှလာ ဖိအားမပေးနဲ့ လာမတိုက်ခိုက်နဲ့ ၊ တိုက်ခိုက်ရင် ပြန်တိုက်ခိုက်ဖို့ အသင့်ပဲ ဆိုတဲ့ စစ်ရေးအင်အား တည်ဆောက်ပြီး ကိုယ်လိုချင်တာ တောင်းဆိုနေ တဲ့ နိုင်ငံရေး လမ်းကြောင်းပါ။ ဒါကြောင့်လည်း ၀ တပ်ဖွဲ့ဟာ အပစ်ရပ်ပြီးရင် ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာ အသေးစိတ် ညှိနှိုင်းရေးဆွဲထားတဲ့ NCA စာချုပ်လိုမျိုးကို လက်မှတ်ထိုးဖို့ မစဉ်းစားသလို၊ ပြည်ထောင်စု အရေးမှာ အဖွဲ့ဝင် တစ်ယောက် အနေနဲ့ ၀င်ဆွေးနွေးရမယ့်၊ အများသဘောတူရာကို လိုက်နာရမယ့် ငြိမ်းချမ်းရေး ညီလာခံမျိုးကိုလည်း မတက်ချင်ပါဘူး။
လတ်တလော အချိန်အထိတော့ ကေအိုင်အို ခေါင်းဆောင်တဲ့ UNFC အဖွဲ့ဟာ ၀ တပ်ဖွဲ့ရဲ့ စစ်ရေးအင်အား တည်ဆောက်ပြီး ကိုယ်လိုချင်တာကို ရအောင် တောင်းဆိုချင် တဲ့ လမ်းစဉ်ဘက်ကို ပိုပြီး လိုက်ချင်ပုံ ရပါတယ်။ ကေအဲန်ယူ လို၊ တောင်ပိုင်း SSA တပ်ဖွဲ့လို NCA ထိုး၊ ငြိမ်းချမ်းရေး ညီလာခံမှာပါဝင် အများသဘော တူညီချက် နဲ့ ပြည်ထောင်စု ကို တည်ဆောက်ကြမယ် ဆိုတဲ့ လမ်းစဉ်မျိုးကို သိပ် အားကျပုံ မပေါ်ပါဘူး။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံပြီး လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်ခင် လက်မှတ်ထိုးလာဖို့၊ ညီလာခံထဲ ပါဝင်လာဖို့ ဆိုတာ လွယ်ကူမယ့် ကိစ္စ မဟုတ်ပါဘူး။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ဆွဲဆောင်ရုံတင်မက တိုင်းရင်းသား ပြည်သူတွေကပါ အပစ်အခတ် အရင်ရပ်စဲပြီး တစ်တိုင်းပြည်လုံး ပါဝင်တဲ့ နိုင်ငံရေး၊ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တဆင့်မှသာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ်ဆိုတဲ့ လမ်းစဉ်ဟာ အကောင်းဆုံး နိုင်ငံရေး လမ်းကြောင်းဖြစ်ကြောင်း အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို စည်းရုံး၊ တိုက်တွန်း၊ တောင်းဆိုဖို့ လိုနေပြီ ဖြစ်ကြောင်းပါ။