သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ် ရေး ဒေါ်စု အလေးထားပြော


ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monash တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်။ နိုဝင်ဘာ ၃၀၊ ၂၀၁၃။
ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monash တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်။ နိုဝင်ဘာ ၃၀၊ ၂၀၁၃။
သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး မရှိမဖြစ် အရေးတကြီးလိုအပ်နေတယ်လို့ မီးမောင်းထိုး ပြောဆိုသွားခဲ့ပါတယ်။သူမရဲ့ခရီးစဉ် လေးရက်မြောက်နေ့မှာ Monash တက္ကသိုလ်က ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ နောက်တစ်ခုကို လက်ခံရယူချိန် အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ်နောက်ဆုံးရသတင်းတွေကို မဆုမွန်က တင်ပြပေးထားပါတယ်။

သြစတြေးလျနိုင်ငံ Melbourne မြို့ Monash တက္ကသိုလ်ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ေဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate of Law) ကို နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ချီးမြှင့်ပေးအပ်လိုက်ပါတယ်။ ဆုလက်ခံရယူပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြန်အလှန် ဆက်စပ်နေတယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ Monash တက္ကသိုလ်မှာ ဥပဒေဂုဏ်ထူးဆောင်ဘွဲ့ ယူစဉ်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ Monash တက္ကသိုလ်မှာ ဥပဒေဂုဏ်ထူးဆောင်ဘွဲ့ ယူစဉ်။


“ကျမတို့နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးဟာ အပြင်းအထန်လိုအပ်နေပါတယ်။ ပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ကျမ ပြောရတာဟာ လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ အနေနဲ့သာ မဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ဟာ အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ ကျမ အလေးအနက် ယုံကြည်နေလို့ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရဲ့ အသီးအပွင့်ကို အမှန်တကယ် ခံစားချင်တယ်ဆိုရင် ပြန်လည်သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။”

လွှတ်တော်တွင်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး အားနည်းနေတယ်ဆိုတာကိုလည်း ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာဟာ ပြည်သူအများစုကို ဖိနှိပ်ချုပ်ချယ်ဖို့၊ နှိပ်ကွပ်ဖို့၊ ကန့်သတ်ဖို့၊ သူတို့ရဲ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေကို ပြသနိုင်မယ့် အလားအလာတွေကို ပိတ်ပင်တားဆီးဖို့ တည်ရှိနေတာ ဖြစ်ပါတယ်။ အခုအခါမှာ ကျမတို့ တရားဥပဒေဆိုတာဟာ သူတို့ကို ကာကွယ်ဖို့၊ အချင်းချင်း သဟဇာတ ဖြစ်စေဖို့၊ လုံခြုံမှုပေးဖို့၊ လွတ်လပ်မှုပေးဖို့၊ ငြိမ်းချမ်းရေးဖော်ဆောင်ပေးဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ ရှိနေတယ်ဆိုတာကို လူထု နားလည်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။”

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရှိလာတဲ့အချိန် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိဖို့ အရေးတကြီးလိုအပ်တယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားပြောဆိုသွားခဲ့ပါတယ်။

“ကျမတို့ဟာ နိုင်ငံရေးနဲ့လူမှုရေးတိုးတက်မှုတွေအတွက်သာမက စီးပွားရေး ဖွံ့ဖြိုးမှုအတွက်လည်း တရားဥပဒေစိုးမိုးရေးကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ မျှော်လင့်ချက်နဲ့ စိတ်ဝင်စားမှုတွေ အများကြီးရှိလာပါတယ်။ ကျမတို့ပြည်သူလူထုအနေနဲ့ ဒီနိုင်ငံဟာ ကျန်ကမ္ဘာအနှံ့မှာ သိပ်တွေ့ရခဲတဲ့ အောင်မြင် ပျော်ရွှင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မယ့်နိုင်ငံဖြစ်ဖို့ မျှော်လင့်နိုင်ပါတယ်။”

သြစတြေးလျနိုင်ငံကို ငါးရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ AIDS နေ့ အခမ်းအနားကို ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ရှိတယ်လို့ သြစတြေးလျနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“မနက်ဖြန် ဒီဇင်ဘာလ (၁) ရက်နေ့၊ မနက် ၉ နာရီခွဲမှာ မဲလ်ဘုန်းမြို့က Dandenong ဘတ်စ်ကက်ဘောကွင်းကြီးထဲမှာ မြန်မာမိသားစုတွေနဲ့ တွေ့ပြီးတော့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ နာရီပိုင်း သိပ်မကြာခင်မှာပေါ့လေ- ကုလသမဂ္ဂ (၂၅) နှစ်မြောက် ညီလာခံကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ AIDS သံအမတ်ကြီးအဖြစ်နဲ့ အဖွင့်အမှာစကား ပြောကြားမယ်လို့ သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွင်း သြစတြေးလျဝန်ကြီးချုပ်အပါအဝင် လွှတ်တော်အပါအဝင် ထိပ်ပိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို သြစတြေးလျတက္ကသိုလ်တွေက ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေကို လက်ခံရယူခဲ့ပြီး မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စတွေကိုလည်း အလေးအနက်ထား ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သြစတေးလျရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးသိလိုသမျမေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်။
XS
SM
MD
LG