သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ၇၁ နှစ်မြောက် မွေးနေ့


ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁) နှစ်ပြည့် မွေးနေ့အဖြစ် မြန်မာနိုင်ငံတဝှမ်းသာမက နိုင်ငံတချို့မှာ အထိမ်းအမှတ် ဆုတောင်းပွဲ အခမ်းအနားတွေ ကျင်းပကြမှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲတွေကို ပြည်သူတွေကိုယ်တိုင်ကျင်းပကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို နိုင်ငံတော်ပြယုဂ်အဖြစ် ပြသတာဖြစ်ကြောင်း အခမ်းအနားစီစဉ်သူလည်းဖြစ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၁) ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျင်းပဖို့ ရှိနေတာနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်တယ်။ တချို့ကျတော့လည်း ပါတီနဲ့ ကိုယ်စားလှယ်နဲ့ ပေါင်းလုပ်တာရှိတယ်။ တချို့ ပါတီက လုပ်တာရှိတယ်။ ကိုယ်စားလှယ်တွေကချည်းပဲ လုပ်တာရှိတယ်။ အခု ကျမကတော့ ဒါ ကိုယ်စားလှယ်နဲ့ ပါတီနဲ့ ပူးပေါင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဘုန်းကြီးဆွမ်းကပ်မယ်ပေါ့။ အန်တီ ကျန်းမာချမ်းသာစေဖို့။ အန်တီ့အတွက် ဆုတောင်းမယ်။ သံဃာတော်တွေကလည်း ပရိတ်ရွတ်ဖတ်ပြီးတော့ အန်တီ့အတွက် ဆုတောင်းကြမယ်။ အန်တီ့အနေနဲ့က နိုင်ငံတော်ရဲ့ ပြယုဂ်တခုဖြစ်တယ်။ အဲတော့ အန်တီ ကျန်းမာချမ်းသာပြီးတော့ အလုပ်လုပ်နိုင်ဖို့ဟာ နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်နေတယ်။”

အရင် စစ်အစိုးရလက်ထက်တွေတုန်းက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာ အမျိုးသမီးများနေ့အဖြစ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဂုဏ်ပြုသတ်မှတ်ခဲ့ပါတယ်။ အခု NLD အစိုးရသစ်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကို မြန်မာအမျိုးသမီးများနေ့အဖြစ် တရားဝင် သတ်မှတ်ကြောင်း ကြေညာတာမျိုး မရှိသေးပေမဲ့ ပြည်နယ်နဲ့တိုင်း တချို့မှာ သက်ဆိုင်ရာအစိုးရတွေက မြန်မာအမျိုးသမီးများနေ့အဖြစ် အထိမ်းအမှတ်ပွဲတွေ ကျင်းပတာနဲ့ပတ်သက်လို့ ဒေါ်သန္တာက အခုလို ပြောပါတယ်။

“မြန်မာအမျိုးသမီးများနေ့ကို တရားဝင် အန်တီ့မွေးနေ့ကို သတ်မှတ်ထားတာတော့ အခုထိတော့ မရှိသေးဘူး။ ဒါပေမဲ့ ကျမတို့ရဲ့ ရင်ထဲမှာတော့ အန်တီ့မွေးနေ့ကို မြန်မာအမျိုးသမီးများနေ့လို့ သတ်မှတ်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် အန်တီဟာ အကောင်းဆုံး စံပြ အမျိုးသမီးတယောက်ပဲ။ အခုအချိန်မှာတော့ အစိုးရက တရားဝင် ဒီနေ့ ဒီနေ့ ကျင်းပပါလို့တော့ သတ်မှတ်ချက်တော့ ညွှန်ကြားချက်တော့ မရှိဘူး။ ဒါပေမဲ့ အရင်အတိုင်းပဲ အရင် ကျမတို့ ဒီလိုပဲ ပုန်းလျှိုး ကွယ်လျှိုး ကျင်းပခဲ့ကြသလို အခု ထင်ထင်ပေါ်ပေါ် အန်တီ့နေ့ကို သတ်မှတ်ပြီးတော့ ကျင်းပတာမျိုး ရှိတယ်။ တချို့ တိုင်းတွေ ဒေသတွေမှာ အစိုးရရဲ့ ဦးစီးဦးဆောင်မှုနဲ့ တိုင်းဒေသကြီး အစိုးရ၊ ပြည်နယ်ပြည်သားအစိုးရ ဦးဆောင်မှုနဲ့ လုပ်ကြတာရှိသလို တချို့ဒေသတွေမှာတော့ တိုင်း၊ ပြည်နယ် ဒေသ အစိုးရက လုပ်တာမဟုတ်ဘဲနဲ့ သီးသန့် ကိုယ်စားလှယ်တွေကရော ပါတီအလိုက်ရော အမျိုးသမီးများနေ့ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ အမျိုးသမီးများ ဟောပြောပွဲတွေလိုတော့ ကျင်းပကြတာရှိတယ်။”

ရှမ်းပြည်နယ်မှာတော့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ဦးဆောင်ပြီး အမျိုးသားပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှုသစ်ပင်စိုက်ပွဲနဲ့အတူ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပွဲကို မနေ့က တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာတော့ ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ဓာတ်ပုံ၊ ကဗျာရွတ်ပွဲ စတာတွေ အပါအဝင် လှုဒါန်းကုသိုလ်ပြုပွဲတွေကိုလည်း ပြည်သူတွေဦးဆောင်ပြီး ကျင်းပဖို့ရှိနေတာပါ။

ဒီအထိမ်းအမှတ်ပွဲတွေကိုကြည့်ခြင်းအားဖြင့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခုလိုအရေးကြီးတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအပေါ် ပြည်သူတွေရဲ့ ထောက်ခံမှုအတိုင်းအတာကို တွေ့ရမှာဖြစ်တယ်လို့ NLD ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့လည်း

“ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေလို့ အမျိုးမျိုး အထွေထွေသော နိုင်ငံရေးအင်အားစုတွေက တစုတစည်းတည်း ရှိနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၁ နှစ်ရှိပြီ။ နောင် ၅ နှစ်ဆိုလို့ရှိရင် ၇၅၊ ၇၆ နှစ် ရှိပြီ။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်ဆိုတာ ကျန်းမာရေးဆိုတာ တားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး နောက်ထပ် ထပ်ပေါ်ဖို့ဆိုတာ နှစ်တွေအများကြီး ထပ်စောင့်ရဦးမှာပါ။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှားလည်းရှိတုန်း ကျန်းမာရေးလည်းကောင်းတုန်း ကျနော်တို့ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံက အင်အားတောင့်တင်းတဲ့ နိုင်ငံအဖြစ်နဲ့ ဝိုင်းဝန်း တည်ဆောက်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ သန်း (၆၀၀) ကုန်ကျ တည်ဆောက်ထားတဲ့ ရန်ကုန် NLD ဌာနချုပ် အဆောက်အဦးအသစ် ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့မနက်ပိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG