{{Zawgyi/Unicode}}
ရန်ကုန်တိုင်းအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာ ရယူမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲကို ထပ်မံစွဲဆိုထားတဲ့ အဂတိအမှုအတွက် ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ တရားလိုကို စတင် စစ်ဆေးကြားနာပါတယ်။ အဲဒီအမှုအတွက် လာမယ့်ရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း ဝန်ကြီးတဦးဖြစ်တဲ့ ဒေါ်နီလာကျော်တို့ စစ်ကောင်စီ သက်သေအနေနဲ့ ထွက်ဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေထဲက ဒီကနေ့တရားရုံးချိန်းအခြေအနေ သိထားရသမျှ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာရယူမှုမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့အမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီကနေ့ စစစ်ပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးရဲထက်ကို နှစ်ဘက်ရှေ့နေတွေ အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြတယ်လို့ ရှေ့နေတဦးကပြောပါတယ်။
"တရားလိုစစ်တယ်ဗျ။ တရားလိုပေါ့။ အဓိကစစ်မေးခြင်းတွေကျနော်တို့ဘက်ကကော ပြန်လှန် စစ်မေးချင်းတွေ လုပ်တယ်။ တရားလိုပြီးသွားပြီပေါ့။ ရန်ကုန်ကပြောင်းတဲ့အမှု အမှုနံပါတ် ၂၅ ။ အန်တီ့ကို CMP တယောက်ထဲပေါ့ ဦးရဲထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ့၊ နေပြည်တော်ကအမှုတွေက မစစ်သေးဘူးဗျ။ အဲအမှုက နောက်ကျနေတဲ့အခါကျတော့ အဲအမှုကိုပဲ အရင်စစ်တဲ့သဘောပါ။ တတန်းထဲဖြစ်အောင် သွားချင်တဲ့သဘောဖြစ်မယ်လို့ ထင်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို တားဆီးမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် တားမြစ်ထားတာကြောင့် ကြားနာပွဲ အသေးစိတ်ကိုတော့ မသိရပါဘူး။ လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်း ထားတယ်လို့ သိရပါတယ်။
လာမယ့်သီတင်းပတ်မှာတော့ ဒီကနေ့စစ်ဆေးတဲ့ ရန်ကုန်တိုင်းက အဂတိအမှုအတွက် တရားလိုပြ သက်သေတွေကို စစ်ဆေးမယ်လို့ ရှေ့နေကပြောပါတယ်။
"လာမယ့်အပတ်ကျတော့ တရားလိုကပြီးသွားပြီလေ။ တရားလို စစ်ပြီးပြီလေ၊ လိုပြသက်သေစစ်မှာပေါ့။ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်နီလာကျော်ကိုစစ်မယ်။ အဲလိုတော့ ပြောထားတယ်၊ တရားရုံးကပြောထားတယ် စစ်ဖြစ်မဖြစ်တော့မသိဘူး။ ဟုတ်တယ် ရန်ကုန်တိုင်းကအမှု တခုထဲ အမှုနံပါတ် ၂၅ ပေါ့။ ဒီအမှုပဲ ၂၅ ကိုပဲ။ နောက်အမှုတွေမစစ်သေးဘူး။"
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အဂတိအမှု ငါးမှုမှာ သောကြာနေ့တိုင်းစစ်နေကျ တခြားလေးမှုကို ဒီနေ့မစစ်ဖြစ်ဘဲ ရန်ကုန်ဘက်ကအမှုကိုပဲ ဒီကနေ့ စစစ်တာပါ။ ကျန်တဲ့ အဂတိမှု လေးမှုကတော့ နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာနှစ်ခု ရယူခဲ့မှု၊ လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက်လုပ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို စွဲဆိုထားတဲ့အဂတိမှုနဲ့ ဦးဖြိုးမင်းသိန်းဆီကနေ ရွှေ့နဲ့ဒေါ်လာငွေတွေ လက်ခံယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲကို စွဲဆိုထားတဲ့အမှုတို့ဖြစ်ပါတယ်။ အဲဒီအမှုတွေကို လာမယ့်ရုံးချိန်းမှသာ ပြန်ပြီးစစ်ဆေးသွားမယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် အဂတိမှုတွေတိုးပြီး တရားစွဲဆိုဖို့ လုပ်ထားတာတွေရှိပါသေးတယ်။ အဲဒါကတော့ သဘာဝဘေးရန်ပုံငွေထဲကနေ ရဟတ်ယာဉ် ငှားရမ်း ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်တာပါ။ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရဲစခန်းမှာ ထပ်ပြီးအမှုဖွင့်ထားပေမယ့် သက်ဆိုင်ရာရှေ့နေတွေကို ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးက အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။နောက်ထပ်လည်း ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေတပ်ပြီး တရားစွဲထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၁၂ မှုထဲက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် မ ၅၀၅-ခ အမှုနဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတို့အတွက်တရားရုံးက ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ချမှတ်ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ စစ်ကောင်စီက ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့ကြောင်း ကြေညာခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့နဲ့ တရားစွဲထားတဲ့ အမှုနှစ်ခုအတွက် အပြီးသတ်အမိန့်ချမှတ်ဖို့ရှိပါတယ်။
==========
{{Unicode}}