နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက်ခြစားမှု နောက်ထပ် စွဲချက်တခုနဲ့ နေပြည်တော်အထူးတရားရုံးက အင်္ဂါနေ့ ရုံးထုတ်ခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့မှာအပြစ်မရှိကြောင်းထွက်ဆိုခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျင့်ပျက်ခြစားမှု၊ walki-talkies လမ်းလေ ျှာက်စကားပြောစက် ဥပဒေမဲ့အသုံးပြုမှု၊ Covid ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်တွေချိုးဖောက်မှုစွဲချက်အပါအဝင် အမှုပေါင်း ၁၄ ခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အဲဒီ စွဲချက်တွေထဲက အပြစ်ရှိကြောင်း ဆုံးဖြတ်ထားတဲ့ အမှုတချို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းထောင်ဒဏ် ၂၆ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။
လက်ရှိတရားရင်ဆိုင်နေရတဲ့ အကျင့်ပျက်ခြစားမှုစွဲချက် ၅ ခုထဲမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအတွက် ရဟတ်ယာဉ်ဌားရမ်းအသုံးပြုခဲ့တာဟာ တရားဝင်ပြဌာန်းချက်ကိုချိုးဖောက်ရာရောက်သလို ပြည်သူ့ဘဏ္ဍာတွေပါ ဆုံးရှုံးစေခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရုံးလုပ်ငန်းစဉ်အရ ညွှန်ကြားချက်ပေးခဲ့တာဖြစ်တယ်လို့ အင်္ဂါနေ့ရုံးထုတ်ချိန်မှာထွက်ဆိုခဲ့ကြောင်း အမှုနဲ့နီးစပ်သူတွေကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။ ကျန်းကျန်းမာမာရှိပုံရတဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ အကျင့်ပျက်ခြစားတာမျိုး မရှိကြောင်းထွက်ဆိုခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
အကျင့်ပျက်ခြစားမှုမှာ ပြစ်မှုထင်ရှားရင်တော့ အမှုတခုအတွက်အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ထိကျခံရနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားရုံးကြားနာမှုတွေမှာ သတင်းထောက်တွေဝင်ရောက်သတင်းယူခွင့်မရှိသလို ရှေ့နေတွေကိုလည်း သတင်းမီဒီယာနဲ့ ပြောဆိုခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားတာဖြစ်ပါတယ်။
Unicode