သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဂတိအမှု ဦးဖြိုးမင်းသိန်းနဲ့ ဝန်ကြီးဟောင်းဒေါ်နီလာကျော်ထွက်ဆို


ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)
ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)

Zawgyi/Unicode]]

ရန်ကုန်တိုင်းအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာရယူမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို စွဲဆိုထားတဲ့ အဂတိမှုရဲ့ ဒုတိယမြောက်ရုံးချိန်းမှာ တရားလို စစ်ကောင်စီသက်သေအနေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း ဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဒေါ်နီလာကျော်တို့ လာရောက် ထွက်ဆိုခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်ကပြောပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ထောင်ဝတ်စုံတွေကို ဝတ်ဆင်စေပြီး ရုံးထုတ်ခဲ့တယ် လို့ ဆိုပါတယ်။ ဒီကနေ့တရားရုံးချိန်း အခြေအနေ သိထားရသမျှ ရန်ကုန်ကလာတဲ့သတင်း ကို ဗွီအိုအေ သတင်းထောက် မဆုမွန်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်းအတွင်းဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာရယူမှုနဲ့ ပတ်သက်ပြီးရန်ကုန်တိုင်းမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို စွဲဆိုထားတဲ့ အဂတိအမှုကိုဒီလအစောပိုင်းက နေပြည်တော် အထူးတရားရုံးမှာ စတင်ပြောင်းရွှေ့စစ်ဆေးခဲ့တာပါ။ ဒီနေ့က ဒုတိယအကြိမ်မြောက်ရုံးချိန်းအနေနဲ့ စစ်ဆေးကြားနာခဲ့တာမှာ တရားလို စစ်ကောင်စီဘက်က သက်သေအနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဒေါ်နီလာကျော်တို့ လာရောက်ထွက်ဆိုခဲ့တာဖြစ်တယ်လို့ ရှေ့နေတဦးကပြောပါတယ်။

“ဒီအမှုက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရုံးခန်းဖွင့်ဖို့အ တွက် အမှတ် ၆၀ တက္ကသိုလ်ရိပ်သာလမ်းက ၁.၈ ဧကရှိတဲ့ မြေနဲ့အိမ်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ငှားတာပေါ့၊ ငှားတဲ့အတွက်ကိုတရားစွဲတာပေါ့။ ငှားရမ်းခတွေ လျော့ပေါ့ငှားရမ်းပေးတယ်ဆိုပြီးတော့ စွဲတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို။ သူတို့ ၂ ယောက်ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက မြေငှားတဲ့ကိစ္စမှာ သူတို့ပါဝင်ပတ်သတ်တဲ့ကိစ္စတွေကို သူတို့လာထွက်သွားတာပါ။ တရားလိုဘက်က စ စစ်တာပေါ့။ ကျနော်တို့ဘက်က ပြန်လှန်မေးခွန်းမေးတာပေါ့။ မေးတာအကုန်ပြီးပြတ်သွားပါ တယ်။ လာမယ့် ၇ ရက်နေ့မှာ ဒီအမှုမစစ်တော့ဘူး။ အမှုနံပါတ် ၃ နဲ့ ၄ နဲ့စစ်မှာပါ။”

ရန်ကုန်တိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းနားမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာရယူခဲ့တာမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးရဲထက်က တရားလိုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ပုဒ်မ ၅၅ နဲ့ စွဲဆိုခဲ့တာဖြစ် ပါတယ်။

ဒီကနေ့မှာတော့ တရားလိုသက်သေ နှစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်နီလာကျော်တို့ကို နှစ်ဘက်ရှေ့နေတွေ အပြန်အလှန် မေးခွန်း ထုတ်ခဲ့ကြပါတယ်။ ထောင်အာဏာပိုင်တွေက အမှုကြားနာပွဲတွေ တက်ရောက်တဲ့အခါ ဝတ်ဆင်ဖို့ထောင်ဝတ်စုံပေးပို့ခဲ့ဲပြီးနောက် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ဟာ ထောင်ဝတ်စုံ ဝတ်ဆင်စေပြီး ရုံးထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၂ ခုအတွက် ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တာမို့ အကျဉ်းသားတွေနေထိုင်ပုံအတိုင်း ဝတ်ဆင်နေထိုင်ဖို့ ထောင်အာဏာပိုင်တွေက ညွှန်ကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ထိပ်ခတ်တာတော့မရှိပါဘူး။ အန်တီက အဖြူရောင်လေးပေါ့။ အောက်က ယောဂီရောင်ဝတ် ထားပါတယ်။ ဒေါက်တာဦးမျိုးအောင်က အောက်ကလုံခြည်အပြာပေါ့။ အပြာနုလေးပေါ့။ ပြစ်ဒဏ် ချလိုက်တယ်ဆိုရင် ပြစ်ဒဏ်ချမှတ်ထားတဲ့ အကျဉ်းဦးစီးကနေပြီးတော့ သတ်မှတ်ထားတဲ့ ပုံစံလေးပေါ့။ အဝတ်အစားလေးတွေ ဝတ်ရတယ်။ အဲလိုကြောင့်ဝတ်ရတာပေါ့။ ပြစ်ဒဏ်ကျခံနေရတဲ့ သူတို့ အကျဉ်းသားသဘောဖြစ်သွားတော့ အဲလိုသတ်မှတ်ပုံစံဝတ်ရတာပါ။”

ဒီကနေ့ ရုံးချိန်းမှာ ဒီအမှုတခုတည်းကိုပဲ စစ်ဆေးခဲ့ပြီး အရင်သောကြာနေ့ တိုင်းစစ်တဲ့ နေပြည်တော် မှာစွဲထားတဲ့ အဂတိအမှု ၄ ကိုတော့ စစ်ဆေးကြားနာခြင်းမရှိခဲ့ပါဘူး။ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို တားဆီးမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် တားမြစ်ထားတာကြောင့် ကြားနာ ပွဲ အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒီလအတွင်း ရုံးပိတ်ရက်တွေရှိ နေ တာ မို့ နောက်ထပ်ရုံးချိန်းကို လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ ပြန်လည်စစ်ဆေးဖို့ တရားရုံးက ရုံးချိန်းပေးခဲ့ပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ နေပြည်တော်က အဂတိအမှု ၄ မှုထဲက ၂ မှုကို ကြားနာသွားဖို့ရှိပါတယ်။

ကနဦးနေပြည်တော်မှာ စွဲဆိုတဲ့ အဂတိမှု ၄ မှုကတော့ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာနှစ်ခု ရယူခဲ့မှု၊ လရောင်တောစီမံကိန်းအတွင်း နေထိုင် ဖို့ နေအိမ်ဆောက်လုပ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို စွဲဆိုထားတဲ့အဂတိမှုနဲ့ ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေ လက်ခံယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တယောက် တည်းကို စွဲဆိုထားတဲ့အမှုတို့ဖြစ်ပါတယ်။ ရန်ကုန်က အဂတိမှုကို စတင်စစ်ဆေးနေတာမို့ နေပြည်တော် အဂတိမှုတွေရဲ့ကြားနာစစ်ဆေးမှုပိုင်းကို ပြီးခဲ့တဲ့ရုံးချိန်းမှာကတည်းက ရပ်ထားရတာဖြစ်ပြီး ဒီတပတ်နဲ့ပါဆိုရင် စစ်ဆေးကြားနာမှု မလုပ်နိုင်တာ ရုံးချိန်း ၂ ချိန်း ရှိပြီလို့ဆိုရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် အဂတိမှုတွေတိုးပြီး တရားစွဲဆိုဖို့ လုပ်ထားတာတွေရှိပါသေးတယ်။ အဲဒါကတော့ သဘာဝဘေးရန်ပုံငွေထဲကနေ ရဟတ်ယာဉ် ငှားရမ်း ဝယ်ယူတဲ့ ကိစ္စနဲ့ ပတ်သက်တာပါ။ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရဲစခန်းမှာ ထပ်ပြီးအမှုဖွင့်ထားပေမယ့် သက်ဆိုင်ရာရှေ့နေတွေနဲ့ ကာယကံရှင်ဆီကို ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးက အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ နောက်ပြီး နောက်ထပ်လည်း ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေတပ်ပြီး ထပ်တိုးတရားစွဲဖို့ ပြင်ဆင်ထားတာရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုပေါင်းဟာ လက်ရှိမှာ တဒါဇင်လောက်ရှိပြီး အဲဒီထဲကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ပုဒ် မ ၅၀၅-ခ အမှုနဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတို့အတွက် တရားရုံးက အပြစ်ရှိတယ်လို့ ဆိုကာ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ချမှတ်ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ စစ်ကောင်စီက ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့ကြောင်း ကြေညာခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့နဲ့ တရားစွဲထားတဲ့ အမှုနှစ်ခုအတွက် အပြီးသတ်အမိန့်ချမှတ်ဖို့ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]











====================

#WhatIsHappeningInMyanmar #MilitaryCoup


XS
SM
MD
LG