သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

East Asia နဲ့ ASEAN ထိပ်သီး အစည်းအဝေးတွေ ဒေါ်အောင်ဆန်းစုကြည် သွားတက်မယ်


ကုလအတွင်းရေးမှူးချုပ်ရဲ့ မကြာခင်က မြန်မာနိုင်ငံခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ။
ကုလအတွင်းရေးမှူးချုပ်ရဲ့ မကြာခင်က မြန်မာနိုင်ငံခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ရက်ပိုင်းတွေအတွင်း ပြည်ပခရီးစဉ်တွေ ဆက်တိုက်လို ထွက်ဖို့ရှိနေပါ တယ်။ ဒီထဲမှာ ပထမဆုံးခရီးစဉ်ကတော့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးတွေကျင်းပမယ့် လာအိုနိုင်ငံကိုသွားမှာပါ။ ဒီခရီးစဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေး ဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါ တယ်။

“အခုပြောနိုင်တာကတော့ အဲဒီခရီးစဉ်တွေသွားမှာ။ East Asia ကတော့ ASEAN Summit အစည်းအဝေးထဲမှာဆိုတော့ တက်ကို တက်မယ်၊ နောက်ပြီးတော့ အိန္ဒိယ ခရီးစဉ်က အိန္ဒိယသွားတာမဟုတ်ဘူး၊ BIMSTEC Summit ရှိတယ်လေ။ အိန္ဒိယက BRICS အစည်းအဝေးနဲ့အတူတူ BIMSTEC Summit ပါ လုပ်မယ်ဆိုတော့ BIMSTEC Summit ကိုတက်ဖို့ရှိတယ်ပေါ့၊ အဲဒါရယ် …

“နောက် UN သွားတက်မယ်လေ၊ UN အသွားမှာ အင်္ဂလန်ဝင်မယ်၊ အင်္ဂလန်မှာ ကတော့ သံအမတ်ကြီးတွေနဲ့တွေ့ဖို့၊ ဘာလို့လည်း ဆိုတော့ အရင် လွန်ခဲ့ တဲ့ နှစ်လလောက်က အာရှမှာရှိတဲ့ မြန်မာသံအမတ်ကြီးတွေအုပ်စုနဲ့ တွေ့ပြီးပြီ၊ အနောက်ဘက်ခြမ်းက သံအမတ်ကြီးတွေနဲ့ မတွေ့ရသေးတော့ အခု အနောက် ဘက်ခြမ်းက သံအမတ်ကြီးတွေနဲ့တွေ့ဖို့ အင်္ဂလန်ကို center ထားပြီးတော့ ခေါ်ထား တယ်။

“အိမ်ဖြူတော်ခရီးစဉ် စီစဉ်နေတယ်ဆိုတာတော့ သိတယ်၊ ဒါပေမဲ့ ဘယ်အချိန် မှာဖြစ်သွားမလဲဆိုတာတော့ မသိသေးဘူး။”

အရှေ့အာရှထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာ စက်တင်ဘာ လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ကျင်းပမှာဖြစ်ပြီး အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားအပါအဝင် ဒေသ တွင်းက ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်ကြပါမယ်။

နိုင်ငံခေါင်းဆောင်အသီးသီး မိန့်ခွန်းပြောကြမယ့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်ပါမယ်။ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့အခါ ဝါရှင်တန် ဒီစီမြို့တော်ကိုလည်းလာပြီး သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ သီးခြားတွေ့ဆုံ မှာဖြစ်ပေမဲ့ အစီအစဉ်အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

သမ္မတအိုဘားမားက သူ့ရဲ့သမ္မတသက်တမ်းအတွင်း အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတာကို ဒေါ်အောင်ဆန်းစုကြည် က လက်ခံထားတာဖြစ်ပါတယ်။

အမေရိကန်အစိုးရ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Ben Rhodes ရဲ့ဇူလိုင်လ မြန်မာနိုင်ငံခရီးစဉ် အတွင်း နေပြည်တော် မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံချိန်မှာ သမ္မတအိုဘားမားရဲ့ ဖိတ်ကြားချက်ကို Ben Rhodes က ပြောဆိုခဲ့တာပါ။

အိန္ဒိယနိုင်ငံ၊ Goa ပြည်နယ်၊ Panaji မြို့မှာ အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကျင်းပမယ့် ၈ ကြိမ်မြောက်၊ BRICS ထိပ်သီးအစည်းအဝေးနဲ့အတူ BIMSTEC ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပမှာဖြစ်ပါတယ်။ BRICS ထိပ်သီး အစည်းအဝေးကို ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတွေ က ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ BIMSTEC ကတော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါလ်နိုင်ငံတွေ က ခေါင်းဆောင်တွေတက်ရောက်မယ့် ထိပ်သီးအစည်းအဝေးပါ။ BRICS ထိပ်သီး အစည်းအဝေး အိမ်ရှင်နိုင်ငံဖြစ်တဲ့ အိန္ဒိယက BIMSTEC အဖွဲ့ဝင်နို်င်ငံတွေ က ခေါင်းဆောင်တွေကိုလည်း တပါတည်းဖိတ်ကြားပြီး အားလုံး တွေ့ဆုံ ဆွေးနွေးနိုင်အောင် စီစဉ်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG