သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဖြစ်ထွန်းမှု ဥရောပကော်မရှင် သတိနဲ့ စောင့်ကြည်


ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso (ယာ)
ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso (ယာ)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လုပ်စရာတွေ အများကြီးရှိနေသေးတာကို EU ဥရောပသမဂ္ဂအနေနဲ့ ကောင်းကောင်း သိပါတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ ပြောလိုက်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်က ဥရောပကော်မရှင်မှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mr. Barroso က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ အထူးသတိနဲ့ စောင့်ကြည့်နေတယ်”-လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေမှာ ဥရောပသမဂ္ဂအနေနဲ့ ထိပ်တန်းကနေ မြန်မာပြည်သူတွေအတွက် ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း Mr. Barroso က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို ပေးနေတဲ့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေကို စတင်ပေးတော့မယ်လို့လည်း Mr. Barroso က ပြောပါတယ်။

မြန်မာအစိုးရတင်မက ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်အရ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုနဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ စည်းမျဉ်းတွေ လက်တွေ့ကျင့်သုံးမှုတွေကို ပေးမှာဖြစ်တယ်လို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso ကပြောကြားခဲ့ပါတယ်။

ဒီပူးတွဲသတင်းစာရှင်းပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်က မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ကို ဘယ်တော့မှ ရရှိမှာ မဟုတ်ဘူးလို့ မြန်မာပြည်သူအများစုက လက်ခံထားကြပါတယ်။ ဒီကိစ္စကို ကမ္ဘာကြီးက သတိမူထားကြဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုထောက်ခံတဲ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမှာ ကူညီကြဖု့ိ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။ အခု ဥရောပခရီးစဉ်မှာ သူပေးချင်တဲ့ သတင်းစကားက မြန်မာနိင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လိုအပ်နေတယ်ဆိုတာဖြစ်ပြီး အားလုံးနားလည် သဘောပေါက်စေချင်တယ်လို့ ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

စနေနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Louvain-la-Neuve မြို့မှာ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံယူခဲ့ပါတယ်။ Belgium ဘုရင်နဲ့ မိဖုရားကိုလည်း လေကင် (Laeken) နန်းတော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး တနင်္လာနေ့ ကျရင်တော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာ စားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဥရောပကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
XS
SM
MD
LG