ရန်ကုန်မြို့ ဗဟန်းမြို့နယ် ခြံနံပတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့ အရေး ဒုတိယအကြိမ်ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျော့ချပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ ဦးအောင်ဆန်းဦး ရှေ့နေက အောက်တိုဘာလ ၂၂ရက်နေ့က တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင်ရောင်းချဖို့ နှစ်ကြိမ်တိုင်တိုင် လေလံပစ် ရောင်းချခဲ့ပေမယ့် တကြိမ်မှာမှ ဝယ်ယူမယ့်သူမရှိခဲ့တာမို့ ဒုတိယအကြိမ် ခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ၃၀၀ ဘီလီယံကနေ နောက်ထပ် ၁၀ဘီလီယံ ထပ်လျော့ကာ ၂၉၀ဘီလီယံနဲ့ လေလံတင်ဖို့ ဦးအောင်ဆန်းဦး ရှေ့နေဘက်က ကြိုးစားလာတာဖြစ်ပါတယ်။
နှစ်ရှည်ထောင်ဒဏ်အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အဖွဲ့ကတော့ ဦးအောင်ဆန်းဦးရှေ့နေတွေတင်ပြလာတဲ့ဈေးနှုန်းနဲ့ပတ်သတ်လို့ လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာ တရားရုံးကို ကန့်ကွက်ကြောင်း ထပ်တင်ဖို့ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့နီးစပ်သူတွေကပြောပါတယ်။
ဒီနှစ် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံနံပတ် ၅၄ ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့အိမ်ကို ကျပ်ငွေ ပေါင်း ၃၁၅ ဘီလီယံနဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်တရားရုံးက အမိန့်ချမှတ်ပြီး ၂၀၂၄ မတ်လ ၂၀ ရက်နေ့မှာ ပထမအကြိမ်စတင် လေလံတင် ရောင်းချခဲ့ပေမယ့် ပထမအကြိမ်မှာကတည်းက လေလံပစ်ဝယ်ယူမယ့်သူ တဦးမှ မရှိခဲ့ပါဘူး။
ဩဂုတ်လ ၁၅ရက်နေ့မှာ တခါပြန်ပြီး ပထမလေလံပစ်တုန်းကသတ်မှတ်ထားတဲ့ ကျပ်ငွေ ၃၁၅ ဘီလီယံကနေ း ၁၅ ဘီလီယံဈေးလျှော့ပေးပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ (သိန်းပေါင်း ၃ သန်းတိတိ) နဲ့ လေလံပစ်ခဲ့ပြန်ပေမယ့် ဒုတိယအကြိမ်မှာလည်း လေလံပစ်ဝယ်ယူသူ မရှိခဲ့ပါဘူး။ ဒါကြောင့် အရောင်းထွက်နိုင်ဖို့အရေး မိသားစုပိုင်ဆိုင်မှု တရားမမှု ထုံးစံအတိုင်း လေလံဈေးသစ်အနေနဲ့ ၁၀ ဘီလီယံ လျှော့ပေးပြီး ကျပ်ငွေ၂၉၀ဘီလျံနဲ့ရောင်းပေးဖို့ကို တရားပြိုင်ဦးအောင်ဆန်းဦးဘက်က ဈေးနှုန်းပြင်ဆင်သတ်မှတ်ပေးဖို့ သူ့ရှေ့နေကတဆင့် ထပ်မံတင်သွင်းလာတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့၂ဝဝ၁ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄) နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာကို အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး ဦးအောင်ဆန်းဦးက ပြိုပျက်နေတဲ့ အိမ်အသေးကိုရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကိုလေလံတင်ခွဲ ယူမယ်ဆိုပြီး တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။
တရားရုံးအဆင့်ဆင့်ကကော ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပေမယ့် ၂ဝ၁၉ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူးလျှောက်လွှာ တင်သွင်းခဲ့လို့ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပြန်ပစ်ပြီး ခွဲဝေယူကြဖို့ ပြင်ဆင်အမိန့်ချခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကနေ ဦးအောင်ဆန်းဦး အခုထပ်မံတင်သွင်းလာတဲ့ ဈေးသစ်အပေါ်မှာ ကန့်ကွက်မှုကိုကြားနာပြီး လက်သင့်ခံမခံတရားရုံးကဆုံးဖြတ် ပေးပြီးမှ နှစ်ဖက်တင်သွင်းချက်တွေကနေ ဈေးနှုန်းသစ်တရပ်ကို တရားရုံးဘက်ကဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
တရားရုံးရဲ့ ခြံအမှတ်(၅၄) အိမ်အမှုမှာ ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒသဘောထား မသိရသေးခင် ဆုံးဖြတ်လုပ်ကိုင်တာတွေဟာ နည်းလမ်းတကျ ဆောင်ရွက်ခဲ့တာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ပြင်ဆင်ပေးဖို့ အကြိမ်ကြိမ် လျှောက်လဲတင်ပြခဲ့ပေမယ့် တရားရုံးက ထည့်သွင်းစဉ်းစားဟန်မရှိခဲ့ပါဘူး။လက်ရှိမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တရားစွဲမှုပေါင်းများစွာနဲ့ နှစ်ရှည်ထောင်သွင်းအကျဉ်းချခံထားရတဲ့ အမှုပြိုင်ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ၁၀ ကြိမ်ထက်မနည်း စာတင်တောင်း ဆိုထားပေမယ့် အခုချိန်ထိ တွေ့ခွင့်မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့ သူမ တွေ့ဆုံခွင့်မရတာ ၂ နှစ်ပြည့်တော့မှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးလို့သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခု အပတ် ဒေါ်အောင်ဆန်းစုကြည်ကို အစားအစာပေးပို့တာမှာတော့ သူမ ကျန်းမာရေးကောင်းတယ်လို့ ထောင်ဘက်က အကြောင်းပြန်ခဲ့တယ်လို့ နီးစပ်သူတွေကပြောပါတယ်။လတ်တလော ကို ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင်တချို့သွားရောက်တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေတယ် ဘယ်လိုထိန်းသိမ်းထားတယ်လဲ ဆိုတာကို နှုတ်ဆိတ်နေသလို သူမနဲ့တွေ့ခွင့်ရဖို့ နိုင်ငံတကာရဲ့တောင်းဆိုမှု၊ နောက် သူမနဲ့ သူမ ရှေ့နေတွေတွေ့ခွင့်၊ မိသားစုနဲ့တွေ့ခွင့် စတာတွေကို မပေးဘဲ ပိတ်ပင်ထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိရပါဘူး။
ရန်ကုန်မြို့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် အဲ့ဒီ့နေအိမ်ထဲမှာပဲ နှစ်ရှည်အကျယ်ချုပ်ချခံခဲ့ရဖူးသလို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon၊ အမေရိကန်သမ္မတဟောင်း Barack Obama၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ကြတဲ့ နေအိမ်လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွက်အရေးပါတဲ့ အဆောက်အဦးတခုဖြစ်တာကြောင့် ဒီခြံဝန်းကြီးကို ထိန်းသိမ်းထားဖို့ ပြည်သူတချို့က ဆန္ဒရှိကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။
Forum