သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမ္ဘာက တောင်းဆို


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် မျှော်လင့်ချက်နဲ့ NLD ရုံးချုပ်ရှေ့တွင် သွားရောက် စောင့်ကြိုနေကြသည့် ပြည်သူတချို့ (နိုဝင်ဘာလ ၁၂၊ ၂၀၁၀)

ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ် သက်တမ်းစေ့မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြသလို လူ့အခွင့်အရေး အရာရှိတွေနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ကြပါတယ်။ အကြောင်းစုံ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိ ၄ ဦးက မနေ့က တောင်းဆိုလိုက်ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ရှေ့ ခြေလှမ်းတရပ် တက်လှမ်းရာ ရောက်လိမ့်မယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်သင့်တယ်လို့ ကုလသမဂ္ဂ အရာရှိ ၄ ဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနားနဲ့အတူ တရားမ၀င် ဖမ်းဆီးထိန်းသိမ်းမှုများ ဆန့်ကျင်ရေးဆိုင်ရာ ကိုယ်စားလှယ် အကြီးအကဲ El-Hadji Malick Sow၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Frank La Rue နဲ့ လူ့အခွင့်အရေး ကာကွယ်သူများဆိုင်ရာ အထူးကိုယ်စားလှယ် Margaret Sekaggya တို့က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်တွေ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြည့်ပြီဖြစ်လို့ သူ့အပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အားလုံး ရုတ်သိမ်းပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေ ပေးရလိမ့်မယ်လို့လည်း ဒီ ကုလသမဂ္ဂ အရာရှိ ၄ ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာစစ်အစိုးရပြောနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံ ၇ ချက်ထဲက နောက်ဆုံး အဆင့်ဖြစ်တယ်ဆိုပေမဲ့ လောလောဆယ် ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသက တိုက်ပွဲတွေနဲ့ အိမ်နီးချင်း နိုင်ငံထဲကို အရပ်သားပြည်သူတွေ အလုံးအရင်း ထွက်ပြေးတိန်းရှောင်နေရတဲ့ အခြေအနေတွေက မြန်မာနိုင်ငံမှာ ဖြေရှင်းမရနိုင်သေးတဲ့ အကျပ်အတည်း ပဋိပက္ခတွေ ရှိနေတယ်ဆိုတာကို ဖော်ပြနေတယ်လို့လည်း ဒီအရာရှိ ၄ ယောက်က ထောက်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာစစ်အစိုးရတပ်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ အပစ်ရပ် ဒီကေဘီအေ အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင် စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ၀င်ရောက်ထွက်ပြေးခဲ့ရတဲ့ အခြေအနေအတွက်လည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ဆိုရင် လက်ရှိ မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံထက် အခုရွေးကောက်ပွဲ ဖြစ်စဉ်တလျှောက်မှာ မပါဝင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံးနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး အဖြေရှာသွားရမှာ ဖြစ်တယ်၊ ဒီလူတွေရဲ့ အသံတွေ ပါဝင်မှာသာလျင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာလည်း အောင်မြင်မှာဖြစ်တယ် လို့လည်း သူတို့က ဆိုပါတယ်။

တချိန်တည်းမှာပဲ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ နျူကလီးယား လက်နက်မပျံ့ပွားရေး ဆွေးနွေးဖို့ စုဝေးနေကြတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျံ က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို လွှတ်ပေးရင်တောင် ချွင်းချက်နဲ့ လွှတ်ပေးတာမျိုး လက်ခံမှာမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့တဦးတည်း လွတ်မြောက်ရေးကို ရှေ့ရှုသူ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျမ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းကြည်ဟာ သူ့ကို ပြန်လွှတ်ပေးရင်တောင်မှ သူ့လွတ်မြောက်ရေးထက် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ကိစ္စကို ပြောမှာပါပဲ။ မြန်မာနိုင်ငံရေးကိစ္စဟာ သူ့ လွတ်မြောက်ရေး ကိစ္စတခုတည်း မဟုတ်ဘူးဆိုတာကို စပြီး ထောက်ပြပြောဆိုမယ့်သူကလည်း သူပါပဲ။ ပြီးတော့ ဒေါ်စု ပြောထားတာရှိပါတယ်။ သူ့ကို ချွင်းချက်နဲ့ ပြန်လွှတ်ပေးတာမျိုး၊ သူ့အနေနဲ့ နိုင်ငံတ၀ှမ်း ခရီးသွားလာ လှုပ်ရှားခွင့်တွေ မရဘူးဆိုရင် ဒါဟာ တကယ်လွတ်မြောက်တာ မဟုတ်လို့ ဒီလိုအခြေအနေကို လက်မခံဘူးဆိုတာပါ။ ဒါကြောင့် အခုအကြိမ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပဲ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့်တွေ ပေးမလားဆိုတာကို ကျမတို့ စောင့်ကြည့်ကြရပါလိမ့်မယ်။”

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ၀ီလျံ ပြောသွားတာပါ။ မနေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် NLD ပါတီဝင်တွေသာမက ပြည်သူတွေ ရာနဲ့ချီ NLD ရုံးချုပ်ရှေ့နဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွေမှာပါ မနေ့က သွားရောက်စောင့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က လက်မှတ်ထိုးခဲ့ပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ အခုချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာ မတွေ့ရသေးပါဘူး။

XS
SM
MD
LG