သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ခြေထောက်ခွဲစိတ်မှု ခံယူ


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုကို တိုက်ရိုက်ထိတွေ့ဆွေးနွေးဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုကို တိုက်ရိုက်ထိတွေ့ဆွေးနွေးဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်။
ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ အာရှ-တော်ဝင်ဆေးရုံမှာ တက်ရောက်ပြီး ခြေထောက်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာမှာ ချောချောမောမောနဲ့ ခွဲစိတ်နိုင်ခဲ့ပြီး စိုးရိမ်စရာမရှိဘဲ အခုအခါမှာ ကျန်းမာရေး ကောင်းမွန်လျှက် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ မနက် ၁၁ နာရီက အာရှ-တော်ဝင် ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ရှင်းလင်းပွဲကိုတော့ ကိုယ်တိုင်တက်ရောက်ပြီး သတင်းယူခဲ့တဲ့ ဦးရော်နီညိမ်းက သတင်းပေးပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက် ၇ နာရီမှာ စတင်ပြီးတော့ ရန်ကုန်မြို့၊ အာရှ-တော်ဝင်ဆေးရုံမှာ ခြေဖမိုးနဲ့ခြေမကြား ခွဲစိတ်ကုသမှုခံယူခဲ့တာမှာ မနက် ၉ နာရီမှာ အောင်မြင်စွာ ခွဲစိတ်ကုသ ပြီးစီးခဲ့တဲ့အကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ရှင်းပြပါတယ်။

“ခြေမနဲ့ ခြေပေါ့- အဲဒီကြားထဲက အဆစ်ပေါ့။ အဲဒီအဆစ်က အထဲနည်းနည်း ယိုင်သွားတယ်။ ယိုင်သွားတော့ နှစ်ဘက်စလုံးကို ခွဲရတယ်။ အပြင်ဘက်လည်း တချက်ခွဲတယ်။ အတွင်းဘက်လည်း တချက်ခွဲတယ်။ ခဲွဲပြီးလို့ ရှိရင် အထဲမှာ ရှိနေတဲ့ အရိုးလေးကို နည်းနည်းလေးပါးပေးလိုက်တယ်။ အဖုဖြစ်နေတာ။ ပြီးလို့ရှိရင် အထဲမှာရှိတဲ့ အရွတ်တွေ၊ ကြွက်သားတွေ၊ အဆီတွေကိုဆွဲပြီးတော့ ပုံမှန်ဖြစ်အောင် ပြန်ခြစ်ပေးထားတယ်။”

အခုလို ခွဲစိတ်ကုသရတာဟာ လမ်းလျှောက်တာများတဲ့အတွက် နာကျင်မှု ဝေဒနာ ခြေဖမိုးမှာ ခံစားလာရကြောင့်ဖြစ်ပြီးတော့ တခြားဘာရောဂါမှ မရှိဘူးလို့လည်း ဒေါက်တာတင်မျိုးဝင်းက ဆက်ပြီး ပြောပါတယ်။

“အဓိက-ကတော့ အဆစ်ဘေးနားက အကြောလေးက နည်းနည်းလေး ယောင်လာတဲ့သဘောပါ။ အဲဒီတော့ ဖိနပ်စီးတဲ့အခါကျတော့ နာတာပေါ့။ လမ်းမလျှောက်ရင် တမျိုးပေါ့။ (ဒေါ်အောင်ဆန်းစုကြည်က) နည်းနည်း လမ်းလျှောက်များတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း အားလုံးကောင်းတယ်။ သွေးအားလည်းအပြည့်ပဲ။ ခွဲနေတုန်းမှာလည်း မေ့ဆေးဆရာဝန်ကြီးကိုယ်တိုင်လည်း အံ့သြတယ်။ နှလုံးသွေး ခုန်တာ၊ သွေးပေါင်၊ သွေးမတိုးတာ အရမ်းကောင်းတယ်။ ခွဲပြီးပြီဆိုရင် ပုံမှန်ဖြစ်သွားပြီ။ လမ်းပြန်လျှောက်မယ်၊ အလုပ်ပြန်လုပ်မယ်။”

ပြည်ပမှာ သွားရောက်ဆေးကုသမှုခံယူဖို့ တိုက်တွန်းမှုတွေ ရှိနေကြပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံမှာပဲ ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်တယ်လို့ ဒေါက်တာတင်မျိုးဝင်းက ရှင်းပြပါတယ်။

“နိုင်ငံခြားသွားဖို့တော့ တချို့က တိုက်တွန်းတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကဆေးရုံနဲ့ ဒီကဆရာဝန်နဲ့ပဲ ခွဲတယ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့၊ ဘယ်ရက်မှာ ဆေးရုံကပြန်ဆင်းမှာပါလဲလို့ မေးတဲ့အခါမှာတော့-

“ခွဲတာက အရိုးပါရဂူပေါ့။ ပါမောက္ခဦးဇော်ဝင်းချို ခွဲတာ။ မေ့ဆေးပေါ့လေ- ထုံဆေးထိုးတာက ပါမောက္ခ ဦးတင်မြင့်ထိုးတာ။ သူတို့နှစ်ယောက်ရဲ့ ခွင့်ပြုချက်ပါမှ ဆင်းရမယ်။”

ရုတ်တရက်ခွဲစိတ်ကုသမှု ခံယူရတာမဟုတ်ဘဲ ကြိုတင်စီစဉ်ထားတာ ဖြစ်တာကြောင့် ဒီရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အလုပ်တွေကို ရပ်နားထားပြီးသားဖြစ်သလို အလုပ်ပျက်မှုလည်းမရှိဘူးလို့ ဒေါက်တာ တင်မျိုးဝင်းက ဆိုပါတယ်။

“အစောကြီးကတည်းက ကျနော်တို့ စီစဉ်ထားတာ။ ၁၃ ရက်နေ့က နေပြည်တော် တက်တယ်။ ၁၄ ရက်နေ့က ကော့မှူးသွားတယ်။ ၁၅ ရက်နေ့က သာယာဝတီ၊ ၁၆ ရက်နေ့မှာ ခွဲတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ ပြန်လည်ရောက်ရှိ နေထိုင်ပြီးကတည်းက ကျန်းမာရေး အရ ခွဲစိတ်ကုသမှုခံယူခဲ့တာ အခု တကြိမ်နဲ့ဆို နှစ်ကြိမ်ရှိခဲ့ပြီးတော့ ပထမအကြိမ်တုန်းကလည်း ဒီ အာရှတော်ဝင် ဆေးရုံမှာပဲ ၂၀၀၃ ခုနှစ်တုန်းက သားအိမ်ဆိုင်ရာ ခွဲစိတ်ကုသမှုကို ခံယူခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG