သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွဲှပြောင်းရေး ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူတွေဆွေးနွေး


အာဏာလွဲှပြောင်းရေး ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူတွေဒီကနေ့ ဆွေးနွေးခဲ့ကြ (သတင်းဓါတ်ပုံ- ဦးရဲထွဋ် facebook)
အာဏာလွဲှပြောင်းရေး ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူတွေဒီကနေ့ ဆွေးနွေးခဲ့ကြ (သတင်းဓါတ်ပုံ- ဦးရဲထွဋ် facebook)

လာမယ့် အစိုးရသစ်ကို နိုင်ငံတော်အကြီးအကဲတာဝန် နဲ့ အစိုးရအဖွဲ့တာဝန်တွေကို စနစ်တကျ လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို လက်ရှိအစိုးရတာဝန်ရှိသူတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီတာဝန်ရှိသူတချို့ ပထမဆုံးအကြိမ် နေပြည်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီလမ်းကြောင်းအတွက် အေးအေးဆေးဆေးနဲ့ အာဏာလွှဲပြောင်းရေးလုပ်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ဂုဏ်ယူစရာကောင်းတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး NLD ပါတီတာဝန်ရှိသူတွေနဲ့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး၊ နိုင်ငံတော်အကြီးအကဲတာဝန် နဲ့ အစိုးရအဖွဲ့တာဝန်တွေ စနစ်တကျလွှဲပြောင်းရေးတွေ နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းစည်းဝေးပွဲ နဲ့ ပတ်သက်ပြီး သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီကနေ့ကျနော်တို့ ပြည်သူ့လွှတ်တော်ပေါ့နော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီပေါ့၊ အဆောင်အမှတ် I-12 မှာကျနော်တို့ နိုင်ငံတော်အကြီးအကဲတာဝန် နဲ့ အစိုးရအဖွဲ့တာဝန်တွေ လွှဲပြောင်းညှိနှုင်းရေးဆိုင်ရာ အစည်းအဝေးကို နေ့လည်ပိုင်းမှာလုပ်တယ်။ လုပ်တဲ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ဦးစီးပြီးလုပ်တယ်။ ကျနော်တို့ အစိုးရဖက်ကတော့ ဦးရဲထွဋ် ရယ်၊ ကျနော်တို့ဖက်က ဒု- ညွှန်ချုပ် ဦးမောင်မောင်အုန်း၊ရယ် ကျနော်ရယ် ၃ ယောက်တက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်က ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာ အောင်သူရယ်တက်တယ်။ အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ အနှစ်ချုပ်ပြောရရင်တော့ တာဝန်လွှဲပြောင်းရာမှာ အဆင်ပြေချောမွေ့စေဖို့ နှစ်ဖက်ပေါ့ ၊ ပူးပေါင်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ အသေးစိတ်ကိုဆွေးနွေးခဲ့ကြတယ်။”

(သတင်းဓါတ်ပုံ- ဦးရဲထွဋ် facebook)
(သတင်းဓါတ်ပုံ- ဦးရဲထွဋ် facebook)

အစိုးရတာဝန်တွေလွှဲပြောင်းတာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ၂ ဘက်ပူးပေါင်းဆောင်ရွက်မှုတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပေမယ့်လည်း၊ ထုတ်ဖော်ပြောဆိုဖို့တော့ သူက ငြင်းဆိုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ အစိုးရတရပ်ကနေ နောက်တက်လာမယ့် အစိုးရတရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အစိုးရတာဝန်တွေလွှဲပြောင်းဖို့လုပ်တာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဂုဏ်ယူစရာကောင်းတဲ့ကိစ္စဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

“ဒီနေ့ ပထမဦးဆုံးအကြိမ်တွေ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံ နိုင်ငံရေးမှာ ပထမဦးဆုံးအကြိမ်လုပ်မယ့် ဒီလုပ်ငန်းအကြောင်းအတွက် အာဏာအလွှဲအပြောင်းကိုလုပ်တဲ့ဟာက ဒါပထမဦးဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဂုဏ်ယူစရာကောင်းတယ်ဆိုတဲ့အကြောင်း ၊ နောက်ပြီးတော့မှ ၂ ဖက်လုံး ဘက်ကလည်း ပြေပြေလည်လည် လူတွေက ခင်မင်ရင်းနှီးမှုရှိမှ ပြေလည်မယ်ဆိုတဲ့ မျှော်လင့်တဲ့အကြောင်း ယေဘုယျအဖြစ်ပြောသွားတာပေါ့။ သြဝါဒပေးသွားတာပေါ့။ ကျနော်တို့ကျတော့လည်း ဝန်ကြီးဌာနတွေနဲ့ ဘယ်လိုပြောင်းလဲမယ်၊ ဘယ်လိုလက်ခံရမယ်၊ ဘာညာ အဲမျိုးတွေ ကျနော်တို့ အသေးစိတ်ဆွေးနွေးတယ် ။ ဒါပေမယ့် အသေးစိတ်ဆွေးနွေးတာကို အခုပြောလို့မဖြစ်သေးဘူး။”

ဒါ့အပြင်၂ ဖက် ဆက်လက် ဆွေးနွေးကြမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“ကျနော်တို့ တပတ်မှာ လေးရက်လောက်တော့ အနည်းဆုံး ကြည့်ပြီးတော့ လုပ်ကြမယ်လို့တော့ ကျနော်တို့ တိုင်ပင် ညှိနှိုင်းလို့ရပါတယ်။ ဟိုဖက်ကလည်းပါမယ်။ ဦးရဲထွဋ်တို့ဖက်ကလည်း ဝန်ကြီး ဦးလှထွန်းပါမယ်။ အခုက သူခရီးထွက်နေလို့ ။ နောက်တယောက်ပါဦးမယ် ။ သူတို့ support group ရှိတယ်ပေါ့။ ကျနော်တို့ဆီကလည်း အထောက်အကူပြုအဖွဲ့မှာ ဒေါ်ခင်စန်းလှိုင်ပါမယ်၊ ကိုဖြိုးမင်းမင်းပါမယ်။ ကိုကျော်သီဟ ပါမယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်အမတ်နေရာ အများစုကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် အစိုးရသစ်ဖွဲ့ဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။လာမယ့် ၂၀၁၆ မတ်လကုန်မှာတော့ လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းကုန်ဆုံးမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အစိုးရသစ်တက်လာမှာဖြစ်ပါတယ်။

XS
SM
MD
LG