သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နိုင်ငံခြားရင်းနှီးမြှုပ်နံမှု ဖိတ်ခေါ်ချက်အပေါ် ပြည်ပလှုပ်ရှားသူတချို့အမြင်


Aung San Suu Kyi at the Invest Myanmar Summit on Monday
Aung San Suu Kyi at the Invest Myanmar Summit on Monday

မြန်မာနိုင်ငံဟာ ဒေသတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နောက်ဆုံးလမ်းကြောင်းဖြစ်လာပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းတွေ အများကြီး ရှိနေကြောင်း နေပြည်တော်မှာ နှစ်ရက်ကြာကျင်းပနေတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအတွက် အဟန့်အတားဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တဲ့အထိ ဖိနှိပ်မှုတွေရှိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိတဲ့အပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေဘက်က စိတ်ပျက်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေ တက်ရောက်လာတဲ့ အဲဒီညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို အာရှမှာ စီးပွားရေးအရ ဖွံဖြိုးတိုးတက်လာတဲ့နိုင်ငံတနိုင်ငံအဖြစ် ပုံဖေါ်ပြောဆိုခဲ့တာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှှုံတွေကို ကြိုဆိုဖို့ မြန်မာအနေနဲ့ ပြင်ဆင်နေသလို ကုမ္ပဏီတွေအတွက် အခက်အခဲဖြစ်စေတဲ့ ကြိုးနီစနစ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီနိုင်ငံအကြောင်းကောင်းကောင်းသိတဲ့သူတွေအနေနဲ့ဒီနိုင်ငံကနေ စိတ်ရှည်ပြီး ဆန်းသစ် တီထွင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အများကြီး ပြန်ပြီး ပေးနိုင်မယ့် အလားအလာကို ကမ်းလှမ်းနေတယ်ဆိုတာ သိကြပါတယ်။”

အာရှမှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပြီး နှစ်ပေါင်း ၃၀ အတွင်း ဝင်ငွေ အလယ်အလတ်ရှိတဲ့ စီးပွားရေးအဆင့်ရှိတဲ့ နိုင်ငံဖြစ်လာဖို့ ရည်မှန်းချက်နဲ့အတူ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် မက်လုံးပေးဆွဲဆောင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“အရှေ့တောင်အာရှမှာ ဈေးကွက်စီးပွားရေး အရ နောက်ဆုံးအတိုးတက်ဆုံး၊ အကောင်းဆုံး အဖြစ် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အခွင့်အလမ်းတွေအများကြီးကို ကျမတို့ ကမ်းလှမ်းထားပါတယ်။”

ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားရေးလုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်စေရေး အထောက်အကူပြုတဲ့ နည်းဥပဒေတွေ တိတိကျကျ မရှိသေးတာ၊ နောက်ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး သေချာအောင် ဆောင်ရွက်နေတဲ့ အနေအထား မတွေ့ရသေးဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေဘက်က ထောက်ပြကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းထဲမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနည်းလမ်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေ စတဲ့ အဓိက အချက်တွေ ထည့်သွင်းပြောကြားခြင်းမရှိတဲ့အပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေဘက်က စိတ်ပျက်တဲ့အနေအထား တွေ့ရတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူ Mark Farmaner က သုံးသပ်ပါတယ်။

“အခု နောက်တကြိမ် လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အလွန်ကြီးမားတဲ့ အဟန့်အတားကြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို ရင်းနှီးမြှုပ်နှံသူတွေ အတော်များများ စိတ်ပျက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ သူတို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ရှိဖို့ လိုအပ်ပါတယ်။”

အထူးသဖြင့် လူ့အခွင့်အရေးအခြေအနေတွေ ကောင်းမွန်တယ်ဆိုတာ သေချာစေရေး ရင်းနှီးမြှုပ်နှံသူတွေက လိုလားကြောင်း Mark Farmaner ကပြောပါတယ်။ နေပြည်တော်မှာ နှစ်ရက်တာ ကျင်းပနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီးညီလာခံကို နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်၊ ဂျပန်၊ စင်္ကာပူနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေ အများဆုံးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ပေးထားတဲ့ အထူးကုန်သွယ်ရေးကင်းလွတ်ခွင့် ပြန်ရုပ်သိမ်းနိုင်ခြေရှိနေကြောင်း ဥရောပသမဂ္ဂဘက်က ပြောထားတာပါ။

အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေအရ အနောက်နိုင်ငံတွေဘက်က စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာချိန် တရုတ်အပါအဝင် အာရှနိုင်ငံတွေ ပိုပြီးဝင်လာဖို့ရှိနေတယ်ဆိုပေမယ် ဈေးကွက်စီးပွားရေးအရ ပြိုင်ဆိုင်မှုအားနည်းမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် နစ်နာချက်တွေရှိနိုင်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာစီးပွားရေးပညာရှင် ဦးကံထွန်းက ပြောပါတယ်။

“နိုင်ငံရေးနဲ့ စီးပွားရေးကတော့ ဆက်နေပါတယ်ခင်ဗျ။ စီးပွားရေးတက်ဖို့ကတော့ နိုင်ငံရေး ရေချိန်မြင့်ဖို့လည်း အရေးကြီးပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေက အာရှက တရုတ်နဲ့ ဂျပန် အိမ်နီးချင်းနိုင်ငံတွေ Singapore ဒီလောက်ပဲ investment တွေကရှိတယ်။ အဲဒီမှာမှ လျောတာက တရုတ်က အများဆုံးပေါ့လေ။ ဆိုတော့ အနောက်နိုင်ငံတွေ ဝင်မှ စီးပွားရေးအရ ပြိုင်ဆိုင်မှုများလေ အဖက်ဖက်မှာ တိုင်းပြည်အတွက်ကောင်းတာပေါ့လေ။ ဈေးနှုန်းလည်းကျမယ် ရွေးလို့လည်း ပိုပြီးတော့ ကောင်းတာပေါ့လေ။ မဟုတ်လို့ရှိရင် ဒီ ၂ ခု ၃ ခုလောက်ကိုပဲ ကွက်ပြီးတော့ ဘယ်လိုပဲပေးပေး ယူရတဲ့အခြေအနေတွေဖြစ်တာပေါ့လေ။ အဲဒီတော့ ကျနော့်အမြင်ကတော့ ဒီဟာတွေ ဖိတ်ခေါ်တာဆိုရင် နိုင်ငံများများလာအောင် လုပ်ပေးဖို့ လိုပါတယ်ခင်ဗျ။”

အထူးသဖြင့် မြန်မာ့စီးပွားရေးမှာ တရုတ်ကိုပိုပြီးအားထားနေရတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ လိုနေတယ်လို့ မြင်ကြောင်း ဦးကံထွန်းကပြောပါတယ်။

“ကျနော်တို့ သိသလောက်ကတော့ တရုတ်တွေက အဘက်ဘက်က ငွေရေးကြေးရေးအတွက်ရော တချို့စက်ရုံတွေမှာဆိုရင် ထမင်းချက်တွေကိုပါ သူတို့လူတွေခေါ်တာ။ တကယ်တော့ သူတို့ ငွေချေးရမယ်၊ ချေးတဲ့အခါမှာလည်း သူများနိုင်ငံနည်းတူ အတိုးနှုန်းတွေ သက်သာရမယ်။ ချည်နှောင်ချုပ်နှောင်ထားတဲ့ ကြိုးတွေ မပါရဘူး။ အဲဒီအစား အရင်ကယူခဲ့တာ ဘယ်လိုဆုံးဖြတ်သလဲဆိုတာ ကျနော်အံအားသင့်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ စပြီးတက်လာတဲ့ ၂၀၁၅-၁၆ မှာ အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံထိ ရှိခဲ့ပေမဲ့ ၂၀၁၇-၁၈ ခုနှစ်တွေမှာတော့ ဒေါ်လာ၅.၇ ဘီလီယံထိ ကျဆင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG