သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ လွတ်လပ်ရေး ကြိုးပမ်းမှု ဒေါ်စုချီးကျူး


နေရူးအောက်မေ့ဖွယ် အခမ်းအနားမိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်။
နေရူးအောက်မေ့ဖွယ် အခမ်းအနားမိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်။
အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh တို့ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ နှစ်နိုင်ငံလွှတ်တော်နဲ့ တရားစီရေး ပိုင်းမှာ ပိုမိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယ နိုင်ငံခြားရေးတာဝန်ရှိသူတွေက VOA မြန်မာပိုင်းကိုပြောပါတယ်။ မကြာခင်အချိန်ကတော့ အိန္ဒိယခရီးစဉ်ရဲ့အဓိကဖြစ်တဲ့ နေရူးအောက်မေ့ဖွယ်အခမ်းအနားမှာ မိန့်ခွန် ပြောကြားသွားခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အစောပိုင်းကလည်း မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန် နဲ့ နေရူး အောက်မေ့ဖွယ် နေရာတွေကို သွားရောက်ပြီးတော့ ဂါရဝပြုခဲ့ပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အကြောင်း အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒုတိယနေ့အဖြစ်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့၊ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ အိန္ဒိဝန်ကြီးချုပ် Dr. Manmohan Singh နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ နာရီဝက်လောက် တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကိစ္စတွေ အပါအဝင် ကိစ္စမျိုးစုံကို ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော် လိုတဲ့ အိန္ဒိယနိုင်ငံခြားရေးတာဝန်ရှိသူက VOA မြန်မာပိုင်းကိုပြောပါတယ်။ နှစ်နိုင်ငံကြား လွှတ်တော်တွေနဲ့ တရားစီရေးပိုင်းတွေမှာ ပိုမို ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ကြဖို့ ဝန်ကြီးချုပ် Dr. Singh နဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဆက်ဆံရေးကောင်းမွန်ဖို့ဟာ အရေးကြီး တယ်ဆိုတဲ့ အပေါ်မှာ လည်း သဘောတူ လက်ခံခဲ့ကြပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆောင်ရွက်နေတဲ့ တိုးတက်မှုတွေကို အိန္ဒိယ ဝန်ကြီးချုပ်က ကြိုဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ နယူးဒေလီကို ဒေါ်အောင်ဆန်းစုကြည်လာတဲ့ အတွက် ဝမ်းသာရသလို ဂျဝါဟာလာ နေရူးအောက်မေ့ဘွယ် မိန့်ခွန်းဟောပြောဖို့ သဘောတူခဲ့တဲ့ အပေါ်မှာလည်း အိန္ဒိယ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ်မှာ အပြည့်အဝထောက်ခံကြောင်း၊ ဆုမွန်ကောင်းလည်း တောင်းပေးပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှုံးမပေးတဲ့ သတ္တိကိုလည်း အားကျလေးစားတဲ့အကြောင်းတွေကို ဝန်ကြီးချုပ် Manmohan Singh က ဒေါ်အောင်ဆန်းစုကြည် ကို ပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယနိုင်ငံခြားရေးရုံး တာဝန်ရှိသူက VOA မြန်မာပိုင်း ကို ပြောပါတယ်။ ဒီကနေ့တွေ့ဆုံမှုဟာ သူတို့ နှစ်ယောက်ကြား ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

ဝန်ကြီးချုပ် Manmohan Singh မေလ မြန်မာနိုင်ငံကိုလာခဲ့စဉ်မှာ ပထမတခါ တွေ့ဆုံခဲ့တာဖြစ်ပြီး အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ Sonia Gandhi ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံ ကို လာရောက်ဖို့ အဲဒီတုန်းက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ်နဲ့ မတွေ့ခင်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန် မစ္စတာ Ranjan Mathai နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိနိုင်ငံကို လာရတဲ့ အဓိကအကြောင်းက ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်မှာ ကျရောက်တဲ့ ဂျဝါဟာလာနေရူးရဲ့ (၁၂၃) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နေရုး အောက်မေ့ဖွယ် မိန့်ခွန်း ပြောကြားဖို့ ဖြစ်ပါတယ်။

ဒီကနေ့ မကြာခင် နာရီပိုင်း ကပဲ Vigyan Bhavan အဆောက်အဦးမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားခဲ့တာမှာ - အိန္ဒိယနိုင်ငံက လွတ်လပ်ရေးကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အတွေး အခေါ် ဆောင်ရွက်ချက်တွေဟာ သူ့အတွက် အကြံဉာဏ်တွေ၊ အားကျစရာတွေ ဖြစ်စေခဲ့ တယ်လို့ အခုလို ပြောကြား သွားခဲ့ပါတယ်။

"အင်အားအကြီးဆုံး ပြိုင်ဘက်အပေါ်မှာ အထိရောက်ဆုံး နိုင်ငံရေးအင်အား ဖြစ်စေခဲ့တဲ့ ဂန္ဒီရဲ့ အကြမ်းမဖက်တဲ့ မူဝါဒကို ကျမတို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အခိုင်အမာ လက်ကိုင် ထားခဲ့ကြပါတယ်။ ကျမရဲ့ နိုင်ငံရေးအတွေးအခေါ်တွေက ဂန္ဒီရဲ့လွှမ်းမိုးမှုတွေ ရှိနေတယ်ဆိုတာကို လူတော်တော်များများက သိကြပါတယ်။ ဒါပေမဲ့ ကျမရဲ့နိုင်ငံရေး ဘဝ ဖြတ်သန်းမှုမှာ ဂျဝါဟာလာ နေရူးရဲ့လွှမ်းမိုးမှုကိုတော့ လူတွေက သိပ်ပြီးတော့ မသိကြပါဘူး" - လို့ ဒေါ်အောင်ဆန်းစုကြည်က နေရုး အောက်မေ့ဖွယ်မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

သူ ငယ်ငယ်ကလေးကတည်းက ပန်ဒေ့ရှ်ကြီးလို့ သိခဲ့ရတဲ့ ဂျဝါဟာလာနေရူးဟာ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီးတဲ့နောက်မှာ သူ့မိခင် ဒေါ်ခင်ကြည်ကို စောင့်ရှောက်ခဲ့တဲ့ အကြောင်း၊ သူ့ဖခင်နဲ့လည်း အင်မတန်မှ ရင်းနှီးခဲ့တဲ့အကြောင်း၊ နေရူးရေးသားခဲ့တဲ့ အိန္ဒိယကို ရှာဖွေ တွေ့ရှိခြင်း-ဆိုတဲ့ စာအုပ်ဟာ သူ နေအိမ် အကျယ်ချုပ် ကျနေစဉ် အချိန်တွေကို ဖြတ်သန်း ရာမှာ အထောက်အကူ ပြုခဲ့တဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က နေရူး အောက်မေ့ဖွယ် မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ဂျဝါဟာလာ နေရူးဆု သူ့ကို ပေးအပ်ခဲ့ တာကိုလည်း ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။

ဒီနေ့ မနက်အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံရဲ့ဖခင်ကြီးလို့ တင်စား ကြတဲ့ မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်နဲ့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရဖို့ ရှေ့တန်းက ဦးဆောင်ခဲ့သူ တယောက်လည်းဖြစ်၊ ပထမဆုံး အိန္ဒိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဂျဝါဟာလာနေရူး ရဲ့ အောက်မေ့ ဖွယ် နေရာတွေကို သွားရောက် ပန်းခွေချ၊ ပန်းကြဲ ဂါရဝပြုခဲ့ပါတယ်။

အိန္ဒိယရဲ့ပထမဆုံးဝန်ကြီးချုပ်နေရူး ဂူဗိမာန်တွင် ဂါရဝပြုနေသော ဒေါ်အောင်ဆန်းစုကြည်။
အိန္ဒိယရဲ့ပထမဆုံးဝန်ကြီးချုပ်နေရူး ဂူဗိမာန်တွင် ဂါရဝပြုနေသော ဒေါ်အောင်ဆန်းစုကြည်။
အိန္ဒိယနိုင်ငံမှာ နိုဝင်ဘာလ (၁၈) ရက် အထိ နေထိုင်မယ့် ဒေါ်အောင်ဆန်း စုကြည် ဟာ သူ့အနေနဲ့ အိန္ဒိယကို လာရောက်ခဲ့ တာဟာ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးပိုမို ခိုင်မာစေချင်တဲ့အတွက် လာခဲ့ တာ ဖြစ်တယ်လို့ နယူးဒေလီမြို့တော်မှာ ဒီကနေ့ အစောပိုင်းတုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျွန်မရဲ့မျှော်လင့်ချက်က ဘာလဲလို့ လူတွေက မေးနေကြတော့ တကိုယ်ကောင်းဆန် သလို ဖြစ်နေ ပါတယ်။ မျှော် လင့်ချက်ကြောင့်ပဲ လာခဲ့တာမဟုတ်ပါဘူး၊ မိတ်ဆွေစိတ် နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး ကို ပိုမို ခိုင်မြဲစေချင်တဲ့စိတ်နဲ့ လာခဲ့တာဖြစ်ပါတယ်” -လို့ ဒေါ်အောင်ဆန်းစုကြည် က ဖြေသွား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကြာသာပတေးနေ့ကျရင်တော့ အိန္ဒိယနိုင်ငံရဲ့ ဒုတိယ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးအပြင် အိန္ဒိယအောက်လွှတ်တော်၊ Lok Sabha ဥက္ကဋ္ဌ တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ စွမ်းအင်နဲ့ အရင်းအမြစ် သိပ္ပံကျောင်းကိုလည်း သွားရောက် လေ့လာဖို့ ရှိပါတယ်ရှင်။
XS
SM
MD
LG