သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံ အိန္ဒိယနိုင်ငံ ထွက်ခွာ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာဘဲ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေး(၂၅)နှစ်မြောက်အစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံ (၆၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒီကနေ့ နေ့လည်က ပဲထွက်ခွာသွားပြီဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်နဲ့ တရားဝင် ခရီးစဉ်အဖြစ် ၂ ရက်ကြာ သွားရောက် တာဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူက ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်ပါတယ်။ကျနော်တို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မနက်ဖြန်၂၅ရက်နေ့ မှာကျင်းပပြုလုပ်မယ့် အာဆီယံ-အိန္ဒိယဆွေးနွေးဖက်ဆက်ဆံရေး ၂၅နှစ်မြောက် ထိပ်သီးအထူးအစည်းအဝေးကို သွားတက်တာဖြစ်ပါတယ်။Special Summitဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတော်အကြီးအကဲတွေ တက်ရောက် ကြမှာဖြစ်ပါတယ်။အဲတော့ ၂၅ရက်နေ့မှာ အာဆီယံ အထူးထိပ်သီးအစည်း အဝေး တက်ရောက်မှာဖြစ်ပြီး ၂၆ရက်နေ့မှာတော့ ကျနော်တို့ အိန္ဒိယနိုင်ငံရဲ့ ၆၉ကြိမ်မြောက် Republic Day ကို ဆက်လက်တက်ရောက်မှာဖြစ်ပါတယ်။ဆိုတော့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်ကြီးရဲ့ဖိတ်ကြားချက်အရ အာဆီယံနိုင်ငံတွေက ကျနော်တို့ အစိုးရအဖွဲ့အကြီးအကဲတွေက ဒီ Republic Day မှာ Guest of Honor အနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်ခင်ဗျာ။"

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခရီးစဉ်ဟာဆိုရင် ၂ရက်ကြာခရီးစဉ်ဖြစ်တဲ့အတွက် ရက်ကန့်သတ်ချက် အရ နှစ်နိုင်ငြံကားဆွေးနွေးမှုတွေတော့ မရှိနိုင်ပေမယ့် အိမ်ရှင်ဝန်ကြီးချုပ်နဲ့ သီးခြား တွေ့ဆုံကောင်း တွေ့ဆုံမယ်လို့ ဦးမြင့်သူက ဆက်ပြော ပါတယ်။

" ဒီတခေါက်ကတော့ ကျနော်တို့ ၂ရက်တည်းဘဲဖြစ်ပါတယ်။အဲတော့ ကျနော်တို့ Bilateral ဆွေးနွေးမှုတွေတော့ စီစဉ်ကောင်းစီစဉ်နိုင်ပါ့မယ်။ဒါပေမယ့် ရက်ကန့်သတ်ချက် အချိန်ကန့်သတ်ချက် အရတော့ ကျနော်တို့ Bilateral ဆွေးနွေးမယ့်ဟာတွေ အများကြီးတော့ မရှိနိုင်ဖူးလို့ ကျနော် သုံးသပ်ပါတယ်။လတ်တလောမှာတော့ ကျနော်တို့ အိမ်ရှင်ဝန်ကြီးချုပ်ကြီး နဲ့တွေ့ဆုံဖို့ဘဲ အစီစဉ်ရှိကောင်းရှိနိုင်ပါမယ် ခင်ဗျာ။"

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပတဲ့ BIMSTEC ဒေသတွင်းအစည်းအဝေး ၊ BRICS-BIMSTEC ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့ပါသေးတယ်။

ဒီကနေ့ သွားတဲ့ခရီးစဉ်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင် လည်း လိုက်ပါသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG