သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလာရောက်မယ့်ကိစ္စ ဂျပန်ပြည်သူတွေစိတ်ဝင်စား


ဂျပန်နိုင်ငံကို သီတင်းတစ်ပတ်ကြာထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် တွေ့ရစဉ်။ (ဧပြီ ၁၂၊ ၂၀၁၃။)
ဂျပန်နိုင်ငံကို သီတင်းတစ်ပတ်ကြာထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် တွေ့ရစဉ်။ (ဧပြီ ၁၂၊ ၂၀၁၃။)
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် စတင်မယ့် ဂျပန်နိုင်ငံခရီးစဉ်ကို ပြည်ပရောက် မြန်မာတွေသာမက ဂျပန်နိုင်ငံသားတွေပါ စိတ်ဝင်စားနေကြပါတယ်။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ် သွားမယ့် ဂျပန်နိုင်ငံ ခရီးစဉ်က ဂျပန်-မြန်မာ ဆက်ဆံရေးမှာလည်း တဖက်တလမ်းက အထောက်အကူ ဖြစ်မယ်လို့လည်း မျှော်လင့်သူတွေ ရှိနေကြတာပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းတင်ပြပေးထားပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၁၉ ရက်အထိ သတင်းတစ်ပတ်ကြာ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီလိုပဲဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်းစနေနေ့ ရောက်ရောက်ချင်း ဆိုသလို တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း တိုကျိုမြို့တော်က မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသောင်းမြင့်ဦး ကပြောပါတယ်။

“ဒေါ်စုနဲ့ ကျိုတိုမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားပါ တယ်။ နောက် ၁၅ ရက်နေ့၊ တနင်္လာနေ့မှာတော့ ကျိုတို တက္ကသိုလ်မှာ ကျောင်း တက်ခဲ့တဲ့နေရာမှာလည်း အားလုံးကို စကားပြောရင်းနဲ့ တဘက်မှာလည်း အဲဒီ ဂျပန်အနောက်ပိုင်း တဝိုက်မှာရှိတဲ့ ဗမာတွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်။ ဒါ ကျနော်တို့ ဗမာတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်ပေါ့နော်။ ဝန်ကြီးချုပ်နဲ့ လည်း တွေ့မယ်ပြောတယ်။ ဂျပန် ဘုရင့်အမျိုးအနွယ်တွေနဲ့လည်း တွေ့မယ် လို့တော့ ကြားထားတယ်။”

နာမည်ကျော် ကျိုတိုတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၁၉၈၅ - ၈၆ ခုနှစ်တွေမှာတုန်းက သုတေသီအဖြစ် လေ့လာဆည်းပူးရင်း ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့ဖူး တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ကိုတော့ အဝေးရောက် မြန်မာနိုင်ငံသားတွေ သာမက ဂျပန်လူထုကြားမှာပါ အကြီး အကျယ် စိတ်ဝင်စားနေကြတာပါ။ ဂျပန်နိုင်ငံသား ဝါရင့် သတင်းစာဆရာ တဦးလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘ ကတော့ မြန်မာ့နိုင်ငံရေးအကြောင်း ထဲထဲဝင်ဝင် မသိသူတွေကအစ အခုခရီးစဉ်ကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

“ဂျပန်နိုင်ငံအနေနဲ့တော့ ဗမာပြည်အခြေအနေ၊ ဗမာပြည် ဘယ်လိုဖြစ်နေလဲ ဆိုတာကို မသိတဲ့လူ များပါတယ်။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ဆိုရင် ဘယ်သူမဆို သိတယ်။ လူထုခေါင်းဆောင်လည်းဖြစ်တယ်၊ နိုင်ငံတကာမှာလည်း နာမည် ကျော်ကြားတယ်။ နိုဘဲလ်ဆုရှင်လည်း ဖြစ်တယ်။ အဲဒီအမျိုးသမီး ဂျပန်ကိုလာမှာပဲ-ဆိုပြီး ပြောနေကြတာပဲ များပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံနေရာက လွတ်မြောက်လာပြီး လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်က ၂ နိုင်ငံ ဆက်ဆံရေးတွေ ပိုမိုနားလည် မှုတွေ၊ ရင်းနှီးမှုတွေ တည်ဆောက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာထားတာပါ။ တချိန်တည်းမှာပဲ ဂျပန် လုပ်ငန်းရှင်တွေကြားမှာလည်း စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ မျှော် လင့်ချက်တွေလည်း ကြီးထွားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦးမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ဂျပန် စီးပွားရေးသမားတွေ မျှော်လင့်နေသလို ရလဒ်မျိုးကတော့ ထွက်ပေါ် မလာနိုင်ဘူးလို့ ဂျပန်နိုင်ငံသား ဝါရင့် သတင်းစာဆရာ ဦးရွှေဘ ကသုံးသပ်ပါတယ်။

“ယေဘုယျသဘောနဲ့ ဒီ - နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု အရင်ကထက် ပိုမြှင့်တင်လာမယ်ဆိုတာ၊ နက်ရှိုင်းလာမယ်ဆိုတာ သေချာပါတယ်။ ဂျပန်စီးပွားရေးသမားတွေက ဒေါ်စုလာမှာကို အခွင့်ကောင်းယူပြီးတော့ ဗမာပြည်ဈေးကွက်ထဲကို ကူညီ ထောက်ပံ့ဖို့ ဆိုတာမျိုး ဆန္ဒပြင်းပျတယ် ထင်ပါရဲ့။ ဒါပေမဲ့ ဒါကတော့ စီးပွားရေးအရလည်း ဂျပန်က ဗမာပြည်ကို ဒိထက်ပို လုပ်ငန်းတိုးချဲ့ဖို့ ရှိနေချိန်မှာပဲ- အဲဒါက ဒေါ်စုလာတဲ့ကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အဓိကပေးအပ်နေတဲ့ တိုင်းပြည် တခုဖြစ်တဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင် ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံ ဘဏ္ဍာရေးလောကအတွက် အထောက် အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျို စတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက ကူညီနေတာ ဖြစ်ပါတယ်။

၂ နိုင်ငံကြား ရင်နှီးမြုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ဝင်ရောက် လုပ်ကိုင်နေပြီး ဒီအထဲမှာ ရန်ကုန်-သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။
XS
SM
MD
LG