သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လူထု မျက်ခြေမပြတ်ဖို့ ဒေါ်စု တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ခရီးစဉ် (နိုဝင်ဘာ ၈၊ ၂၀၁၄)
ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ခရီးစဉ် (နိုဝင်ဘာ ၈၊ ၂၀၁၄)

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒသဘောထားတွေကို လွှတ်တော်တွင်း တင်ပြပြီးဖြစ်လို့ ရလာဒ်ကို ပြည်သူတွေ မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ ပြည်သူ့ဆန္ဒ အကျိုးမဲ့ဖြစ်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပါတီစည်းရုံးရေး စတုတ္ထမြောက်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် က ကယားပြည်နယ်လူထုကို အခုလို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ် နောက်ဆုံးရသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

“အဲဒီတော့ ----- ဒီကိစ္စကို သူကိုယ်တိုင်လေ့လာပေးပါမယ်၊ ဘယ်လိုဖြစ်တာလဲ။ အဲဒီတော့ တရားခံတွေကနေပြီးတော့ - တရားခံတွေ၊ တရားလိုတွေပေါ့နော်- ဘယ်သူတွေက ဘာပြောသလဲ၊ အဲဒီလို ဖြစ်တဲ့ကိစ္စပေါ်မှာ အခြေခံပြီးတော့ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်လို့၊ အဖြေမှန်ရအောင်လို့ ကျမတို့ ကြိုးစားပေးပါမယ်။ အဲဒီတော့ သမီးကို အဖွဲ့ချုပ်ထဲကဖြစ်ဖြစ် လူတယောက်ယောက်နဲ့ ဆက်သွယ်မယ်။ ဆက်သွယ်လိုက်တော့ -- ဥပဒေအထောက်အကူအဖွဲ့ကနေပြီးတော့ လက်တွေ့ကျကျ ကူညီပါ့မယ်။ မတရားမှု လုပ်ခဲ့တယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ တတ်နိုင်သမျှ ဒီကိစ္စကိုပြင်ဖို့ကို ကြိုးစားပြီးတော့ ကူညီပေးပါမယ်။”

“ဟုတ်ကဲ့၊ နောက်တယောက် မေးဖို့ ဖြစ်ပါတယ်။”

အခုကြားခဲ့ရတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ကယားလူထုက ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲ တိုက်ရိုက်မေးမြန်းနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လာရောက်နားထောင်သူ ကယားပြည်သူများ။ (ဓာတ်ပုံ-NLD-facebook)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လာရောက်နားထောင်သူ ကယားပြည်သူများ။ (ဓာတ်ပုံ-NLD-facebook)

ကယားပြည်သူလူထုနဲ့တွေ့ဆုံစဉ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မကြာသေးခင်က တွေ့ဆုံခဲ့တဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲ စတာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဟောပြောခဲ့တာကို ခရီးစဉ်အတွင်း အတူလိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။

“အခြေခံဥပဒေပြင်ဆင်ရေးက လွှတ်တော်ထဲရောက်နေတဲ့အတွက်ကို အခြေခံဥပဒေပြင်ဆင်ရေးကလည်း လာမယ့်လွှတ်တော်မှာ ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေက အာရုံစိုက်ထားကြပါ။ မိမိတို့ရဲ့ဆန္ဒပြုထားတဲ့၊ လက်မှတ်ရေးထိုးထားတဲ့ လက်မှတ် ၅ သန်းနီးပါးအတွက်လည်း ဒါ ပြည်သူတွေက အကျိုးမဲ့ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်းတွေလည်း ပြောပြထားပြီးသား ဖြစ်ပါတယ်။ အန်တီ့အနေနဲ့ အဓိက အခုပြောတာက အဖွဲ့ချုပ်က ဗမာပါတီ သက်သက်မဟုတ်ဘူး၊ တိုင်းရင်းသားအရေးအတွက် ဆောင်ရွက်နေတယ်။ တိုင်းရင်းသားအရေးအတွက် ဆောင်ရွက်နေတယ်ဆိုတာက ဒီမိုကရေစီရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် တချိန်လုံး ၁၉၈၈ အဖွဲ့ချုပ် ဖွဲ့စည်းပြီးကတည်းက ဆောင်ရွက်နေတဲ့၊ တိုင်းရင်းသားအားလုံးအတွက် ကိုယ်စားပြုထားတဲ့ ပြည်ထောင်စုပါတီဖြစ်တယ်ဆိုတာကို အဓိကထား ပြောပါတယ်။ နောက်တခါ ပြီးခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေးရေးနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင် ဆွေးနွေးရေးရဲ့ လိုအပ်ချက်အရ ပြည်သူတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်နိုင်အောင် ဆောင်ရွက်နေတဲ့အကြောင်းတွေ ရှင်းလင်းပါတယ်။ နိုင်ငံရေးအရရော၊ စည်းရုံးရေးအရရောလေ။”

မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်နယ်တိုင်းတွေကို နိုင်ငံရေးစည်းရုံးရေးခရီးစဉ်ရဲ့ စတုတ္ထမြောက်ခရီးအဖြစ် ကယားပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီခရီးစဉ် ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက အခုလို ပြောပြပါတယ်။

“အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ကျနော်တို့ပါတီက ဗမာပါတီသက်သက် မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရဲ့ ဗမာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့ ပြည်ထောင်စုပါတီဖြစ်တဲ့အတွက်ကြောင့် တတ်နိုင်သရွေ့ ကျနော်တို့က ပြည်နယ်တွေကို ဦးစားပေးထားပါတယ်။ အဲဒါ --- ။ အခုဟာက စတုတ္ထမြောက်လို့ ပြောလို့ရပါတယ်။ အရင်တုန်းက ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်တို့ သွားခဲ့တာပေါ့နော်။ အခု ကယားပြည်နယ်ကတော့ စတုတ္ထမြောက်၊ ကျနော်တို့က နိုင်ငံရေး၊ စည်းရုံးရေးခရီးစဉ်အနေနဲ့ သွားတာပါ။”

နိုဝင်ဘာလ ၈ရက်နေ့ စနေ့မှာ စတင်တဲ့ ကယားပြည်နယ်ခရီးစဉ် အသေးစိတ်ကို လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုရှင်းပြပါတယ်။

“မနက်ခြောက်နာရီကမှ နေပြည်တော် --- ကနေပြီးတော့မှ ကယားပြည်နယ်၊ လွိုင်ကော်ကို ထွက်ခဲ့ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို နေ့လည် ၁ နာရီမှာ ရောက်ပါတယ်။ ထွက်လာတဲ့လမ်းကြောင်းတွေကတော့ နေပြည်တော်ကနေ၊ ရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲတို့ကို ဖြတ်ပြီးမှ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ရောက်ရှိခြင်း ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံပြည်သူတွေက လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတသာ ကြိုဆိုခဲ့ပါတယ်။ အခုရောက်နေတာကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့တော်ရဲ့ National Day ပေါ့လေ၊ ကယားပြည်နယ် ကစားကွင်းကြီးမှာ လူထုဟောပြောပွဲကို ဟောပြောနေခြင်း ဖြစ်ပါတယ်။ ပထမ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဦးဝင်းမြင့်က အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပြီးမှ အဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်လူထုနဲ့ ဟောပြောပွဲလုပ်ပါတယ်။ ပြီးတော့ အခုကတော့ အမေးအဖြေပေါ့လေ၊ ပြည်သူ (၁၀) ဦးကို မေးမြန်းခိုင်းပြီးမှ အမေးအဖြေတွေ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ရှင်းလင်းတင်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေနဲ့ တိုက်ရိုက် မေးမြန်းဆွေးနွေးမှုတွေ လုပ်နေတာပါ။ အခုကျင်းပနေဆဲဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကယားပြည်နယ် လူထုတွေ့ဆုံပွဲကို လွိုင်ကော်မြို့ ကယားအမျိုးသားနေ့ ကျင်းပတဲ့ကွင်းမှာ ညနေ ၄ နာရီခွဲက စတင် ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဒီ လူထုတွေ့ဆုံပွဲသို့ လွိုင်ကော်၊ ဒီမောဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေက ကယားပြည်သူအများ လာရောက်နေကြတယ်လို့သိရပါတယ်။

XS
SM
MD
LG