သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုမှာ မလျော်ကန်တဲ့လုပ်ထုံးလုပ်နည်းများဖြစ်နေဟု ဒေါ်အောင်ဆန်းစုကြည်ယူဆ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်နဲ့အဖွဲ့

Zawgyi/Unicode

အမှု ၇ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့အမှုတွေနဲ့ပတ်သက်လို့ မလျော်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်နေတယ်ဆိုတဲ့ သူ့အမြင်ကို ရှေ့နေကို ပြောကြားခဲ့ပါတယ်။ သူ့အမှုတွေ စစ်ဆေးနေတဲ့အခြေအနေေပေါ် သူ့ရဲ့ ယေဘုယျအမြင်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။ ၅၀၅ (ခ) နဲ့တရားစွဲခံထားရတဲ့အမှုအတွက် သက်သေအပေါ် ခရိုင်တရားရုံးတင် ကန့်ကွက်တာ ပယ်ချခံရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့အမှုတွေကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ ဂျူလိုင်လ ၅ ရက်နေ့မှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ချိုးဖောက်တယ်ဆိုတဲ့ သမ္မတဦးဝင်းမြင့်ရဲ့အမှုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ကနဦးစွဲဆိုထားတဲ့ အမှုတွေထဲက ၃ မှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့ကို ချိုးဖောက်တယ်ဆိုတဲ့ အမှု ၃ ခု တို့အတွက် နေပြည်တော်က သီးသန့် အထူးတရားရုံးမှာ ဒီနေ့ဆက်လက် စစ်ဆေးပါတယ်။ သူ့အမှုတွေ စစ်ဆေးနေတဲ့အခြေအနေအပေါ် ဒေါ်အောင်ဆန်းစုကြည်က မလျော်ကန်တဲ့ လုပ်ထုံး လုပ်နည်းတွေ ဖြစ်နေတယ်လို့ မြင်ကြောင်း သူ့ရဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ခုလိုပြောပါတယ်။

“သူကတော့ ယေဘုယျသဘောတော့ပြောတာရှိတယ်။ အဲဒါကတော့ procedure က တော့ မကျဘူး။ undue process လို့ အင်္ဂလိပ်လိုသုံးပါတယ်။ အဲဒါကိုတော့ ဆရာတို့ ရှေ့နေတွေ ရအောင်ဖော်ဖို့လိုမယ်လို့ပြောတာပေါ့ဗျာ။ ဥပဒေမှာတော့ undue process လို့ခေါ်တာပေါ့။ ထိုက်သင့်တဲ့လုပ်ဆောင်မှုဖြစ်စဉ်မျိုးမဟုတ်ဘူးပေါ့ဗျာ။ သူကတော့ အဲလို မြင်တာတွေရှိတယ်လို့ ပြောတာပေါ့ဗျာ။ ဒီကနေ့ကိစ္စတွေ တဖက်သတ်ဖြစ်မဖြစ်ကတော့ သူနဲ့ကိုစကားမပြောရဘူး။ အမှုစစ်တော့ သူကသီးသန့်ထိုင်နေရတာကို။”

တရားစီရင်ရေးမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မြင်နေပုံရပေမယ့် ဘယ်လို ဘယ်လိုလုပ်ထုံး လုပ်နည်းအသေးစိတ်လဲဆိုတာတော့ ရှင်းရှင်းလင်လင်း မသိရပါဘူး။ သူ့အပေါ်စွဲဆိုထားတဲ့ အမှုတွေအတွက် ရှေ့နေတွေနဲ့ ရုံးချိန်းနေ့မှာ အချိန် အကန့်အသတ်နဲ့ တေ့ွဆုံနိုင်တာကလွဲလို့ သီးသန့် အချိန်ယူ တိုင်ပင် ဆွေးနွေးနိုင်တာမျိုး မရှိခဲ့ပါဘူး။

စစ်ဆေးကြားနာနေတဲ့ဒေါ်အောင်ဆန်းစုကြည်အမှုတွေထဲက တခုဖြစ်တဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) ချိုးဖောက်တယ်ဆိုတဲ့အမှုအတွက် တရားလိုတင်ပြတဲ့သက်သေတွေကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက သက်သေတင်ခွင့်မရအောင်ကန့်ကွက်တဲ့အပေါ် ခရိုင်တရားရုံးကို ဒီနေ့ ပယ်ချလိုက်ပါတယ်။ တရားလိုတင်တဲ့ သက်သေတွေဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ခရိုင်တရားရုံးတင်တာကိုပယ်ချခံရတာဖြစ်ပါတယ်။ ဒါကြောင့်တိုင်းတရားရုံးတက်ဖို့ ရှေ့နေတွေဘက်ကပြင်ဆင်နေတယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

၅၀၅ (ခ) ကပြင်ဆင်မှု လျှောက်လွှာတင်တာပေါ့။ တင်တဲ့အခါကျတော့ ရုံးကနေ တင်တဲ့ ရှေ့နေကို လျှောက်လဲချက်ပေးခိုင်းတယ်။ ဘာကြောင့်လက်ခံသင့်လဲပေါ့။ ပြီးတော့ ပယ်လိုက်တယ်ပေါ့။ အဲဒါကရှိတော့ရှိတယ်၊ ရှားတယ်။ ဥပဒေနဲ့မည်ီတာမဟုတ်ဘူး။ ၂ ဘက်ကြားနာပြီးမှ အယူခံအမှုလက်ခံမခံ မူလအမှုပယ်ဖျက်တာလုပ်မလုပ်ပေါ့။ အဲလို စဉ်းစားကြတာပေါ့။ ကျနော်တို့ကတော့ အထက် တိုင်းဘက်ဆက်တက်ရမှာပေါ့။”

ဒီအမှုကို မနက်ဖြန် ဂျူလိုင်လ ၆ ရက်နေ့မှ စစ်ဆေးကြားနာမှာဖြစ်ပါတယ်။ ဒီနေ့ စစ်ဆေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေထဲက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ပတ်သက်လို့ အထက်တရားရုံးကို တင်ပြထားပါတယ်။ ပြီးခဲ့တဲ့တပတ် ရုံးချိန်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ရှေ့နေဘက်က ပြန်လှန်မေးခွန်းမေးမြန်းတာကို တရားလိုရှေ့နေတွေဘက်က ကန့်ကွက်ခဲ့တာကြောင့် အထက်ရုံးတင်ထားတာဖြစ်ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့အမှုတွေမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တာနဲ့ပတ်သက်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ခုလိုပြောပြပါတယ်။

“ပထမဆုံးတော့ ဦးဝင်းမြင့်ကို စွဲတဲ့အမှုစစစ်တယ်။ တရားလိုသက်သေ ၂ ယောက်စစ်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲတဲ့ သဘာဝဘေးအမှု။ အဲဒါကလည်း သက်သေ ၂ ယောက်။ ဦးဝင်းမြင့် အမှုကိုလိုက်တဲ့ သက်သေပဲ။ နောက်တခုကတော့ ဆက်သွယ်ရေးဥပဒေအရ သက်သေတယောက်အပြင် နောက်ထပ် ၂ ယောက်စစ်တယ်။ အဲဒါကတော့ ပစ္စည်းသိမ်းတဲ့အချိန် မျက်မြင်သက်သေတွေပေါ့ အရပ်သားတွေ။ နောက်ဆုံးကလည်း ပို့ကုန်သွင်းကုန်ပေါ့။ အဲမှာလည်း ခုနအမှုတုန်းက သက်သေ ၂ ယောက်အပြင် တယောက်ပေါ့။ အဲဒါကတော့ဒီနေ့စစ်တာပါ။”

ဒီကနေ့မှာ အမှု စုစုပေါင်း ၄ ခုအတွက် တရားလိုပြ သက်သေ ၁၀ဦးနီးပါးစစ်မေးခဲ့တယ်လို့ ပြောပါတယ်။ နောက်ထပ် ကျန်ရှိသူတွေကို နောက်အပတ်စဉ်လုပ်မယ့် လာမယ့် ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာစစ်မေးသွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု၊ လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) တို့အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode











#MyanmarMilitaryCoup #MyanmarArrest #AungSanSuuKyi #AungSanSuuKyiTrial #VOABurmese

XS
SM
MD
LG