သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဒုတိယမြောက်အမှု စွဲချက်တင်ခံရ


{Zawgyi/Unicode}

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ သီးခြားစွဲ စွဲထားတဲ့အမှုတွေကို နေပြည်တော် သီးသန့်တရားရုံးက ဒီနေ့စွဲချက်တင်လိုက်ပါတယ်။ အမှုပေါင်း ၁၁ မှုနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယမြောက် စွဲချက်တင်ခံရတဲ့အမှုဖြစ်ပါတယ်။ ဒီနေ့ကြားနာပွဲမှာ အမှုတွေကို သီတင်း ၂ ပတ်မှာတကြိမ် စစ်ဆေးပေးဖို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုတွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေအကြောင်း ရန်ကုန် ကပေးပို့တဲ့သတင်း နန်းလောဝ်ပြောပြပါမယ်။

နေပြည်တော် သီးသန့်တရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးနေကျ သမ္မတဦးဝင်းမြင့်ရဲ့ အမှု ၁ မှုနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၃ မှု တို့ထဲကသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ၂ ယောက်လုံးကို သီးခြားစွဲဆိုထားတဲ့အမှုတွေကို တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့ အမှုကြားနာပွဲမှာ သူတို့ ၂ ယောက်လုံး အမှုတွေကို စွဲချက်တင်ဖို့ တရားသူကြီး ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ခုလို ဗွီအိုအေကို ပြောပြပါတယ်။

“အရင်နေ့ထဲက ဦးဝင်းမြင့်သဘာဝဘေးက စွဲချက်တင်ဖို့ရှိတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်စပ်နေလို့ ဆိုပြီးတော့မှ တည့်အောင်စောင့်နေတာ။ ဒီကနေ့တိုက်တဲ့အခါကျတော့ ဦးဝင်းမြင့်ကို ၂၅ နဲ့ စွဲချက်တင်တယ်။ ဦးဝင်းမြင့်က သူအပြစ်မရှိဘူးလို့ ငြင်းတယ်။ အဲတော့ပြန်ခေါ်သက်သေခေါ်မလားဆိုတော့ ကျနော်တို့က ၂ ယောက်ကို ပြန်ခေါ်အနေနဲ့ ခေါ်တယ်။ အဲဒါပြီး ဒေါ်အောင်ဆန်းစုကြည်အမှုကိုခေါ်တယ်။ စွဲချက်တင်တယ်။ ပြန်ခေါ်ကိုလည်း အဲ ခုန ၂ ယောက်ကိုပဲ ပြန်ခေါ်တယ်။ ဒုရဲမှုးနဲ့ ဒုရဲအုပ်ပေါ့ဗျာ။ သူတို့က စီတန်းလှည့်လည်ချိန် ဘေးမှာ ရှိတဲ့သူတွေပေါ့ဗျာ။ အဲဒီ ၂ ယောက်ကိုခေါ်တာပေါ့။”

၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်က နေပြည်တော်မှာ ပါတီစည်းရုံးရေးယာဉ်တန်းကို လက်ပြတာအပါအဝင် ကိုဗစ်ကာလမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကိစ္စတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ မှု၊ ဦးဝင်းမြင့်ကို ၁ မှု တရားစွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ ၂ ယောက်လုံးရဲ့ အမှု ၁ ခုစီကို စွဲချက်တင်လိုက်တဲ့အတွက် ဆက်ပြီး အယူခံဝင်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင် လုပ်ဆောင်မှု၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ စွဲချက်တင်ဖို့ မကြာခင်သီတင်းပတ်ကပဲ တရားရုံးက ဆုံးဖြတ်ထားတာမို့ ဒီကနေ့ စွဲချက်နဲ့ ဆိုရင် သူတို့ ၂ ယောက်လုံး ဒုတိယမြောက် စွဲချက်တင်ခံရမှုဖြစ်ပါတယ်။ ဒီက နေ့စွဲချက်တင်လိုက်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အပြစ်ရှိကြောင်းတွေ့ရင်တော့ အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ် ဒါမှမဟုတ် ထောင်ဒဏ်နဲ့ငွေဒဏ် ၂ ခုလုံး ကျခံရနိုင်ပါတယ်။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေ စစ်ဆေးဖို့ အထူးလုပ်ထားတဲ့သီးသန့်တရားရုံးမှာ သူ့အပေါ်စွဲထားတဲ့ ပို့ကုန်သွင်းကုန်အမှုနဲ့ ဆက်သွယ်ရေး အမှု စတဲ့ အမှု ၂ ခုကိုလည်း ဒီနေ့ စစ်ဆေးကြားနာပါတယ်။ အဲဒီအမှု ၂ ခုကိုလည်း ရှေ့တခေါက်ရုံးချိန်းကျရင် စွဲချက်တင် မတင် ဆုံးဖြတ်ဖို့ရှိတယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော် ကပြောပါတယ်။

“ပို့ကုန် သွင်းကုန်နဲ့ ဆက်သွယ်ရေးကလည်းပဲ အမှန်ကဆက်သွယ်ရေးဘက်က စွဲချက်တင်မတင် လျှောက်လဲချက်တင် ထားပြီပေါ့ဗျာ။ ပို့ကုန်သွင်းကုန်က လိုပြသက်သေတွေအကုန်၊ ပြီးတော့ ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က ကျွမ်းကျင်သူတယောက်လိုတယ်ဆိုပြီး ထပ်တိုးသက်သေ တရားရုံးကိုလျှောက်တာ။ တရားရုံးက ပြီးခဲ့တဲ့ တပတ်ကခွင့်ပြုတယ်။ ကျနော်တို့ကတော့ကန့်ကွက်တာပေါ့။ အဲဒီဟာကို ကျနော်တို့ ဒီနေ့ စစ်တယ်။ အဲ ၂ ခုကို ရှေ့အချိန်းကျရင် စွဲချက်တင် မတင် လျှောက်လဲချက်တင်ဖို့ရှိပါတယ်။”

လောလောဆယ် စုစုပေါင်း အမှု ၁၁ ခုနဲ့တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၀ ခု အတွက် သီတင်းပတ်တိုင်း နေပြည်တော် သီးသန့်တရားရုံးမှာ ရုံးထုတ် ကြားနာစစ်ဆေးနေပါတယ်။ နေ့စဉ်တရားရုံးလာနေရတာ သူ့ကျန်းမာရေး ထိခိုက်တဲ့အတွက် အပတ်စဉ်အစား သီတင်း ၂ ပတ်ခါမှာ တကြိမ် စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားရုံးကို စာတင် တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ကိုလည်း တရားရုံးကပယ်ချခဲ့တာမို့ အရင်အတိုင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့ကလွဲလို့ နေ့တိုင်း စစ်ဆေးကြားနာမှုတွေ လုပ်ရမှာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီကနေ့က အကုန်လုံး သူပါတဲ့ ၃မှုပေါ့ဗျာ။ ၃ မှုစလုံးမှာ ဒီ ရုံးမှာပေါ့ဗျာ၊ ခွင့်မပြုနိုင်ဘူးဆိုပြီးပယ်ချလိုက်ပါတယ်။ ဘယ်လို ဖြစ်မလဲဆိုတော့ တပတ်တခါ အခုအတိုင်းပဲပေါ့။ တနင်္လာ၊ အင်္ဂါတိုင်းပေါ့။ သူတို့ကတော့ အမှုတွေလည်းများတယ်။ အချိန်မြန်အောင်ဆိုပြီး ပြောတာပေါ့။ CMP (ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ သတ်မှတ်ထားချက်)လည်း လုပ်ထားတယ် ဆိုတော့ ခွင့်မပြုနိုင်ဘူးလို့ပယ်ချလိုက်ပါတယ်။”

နက်ဖြန် အောက်တိုဘာ ၁၂ ရက်ကျရင်တော့ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဒုတိယမြောက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ပထမဆုံး စွဲချက်တင်ခံထားရတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ တို့ကိုစစ်မှာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅-ခ အမှုအတွက် တရား ပြိုင်သက်သေအနေနဲ့ သမ္မဦးဝင်းမြင့် ကိုယ်တိုင် လျှောက်ထားချက်ပေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{Zawgyi/Unicode}













XS
SM
MD
LG