သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော


ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အလေးအနက်ထား ဖော်ဆောင်နေချိန်မှာ တပ်မတော်နဲ့ NLD ကြား ယုံမှားသံသယတွေနဲ့ သွေးထိုး လှုံ့ဆော်မှုတွေကို သတိထားကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက လူထုသဘောထားရယူပွဲမှာ သူ့မဲဆန္ဒရှင်ပြည်သူလူထုကို သတိပေးပြောဆို လိုက်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးတကြီး လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာရေးကို အလေးအနက်ထား လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံခိုင်မာရေးမှာလည်း ပြည်သူ့အားကို အဓိက လုပ်အပ်တယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း အခြေခံဥပဒေဆိုင်ရာ လူထု သဘောထားရယူပွဲမှာ ပင်တိုင်ဆွေးနွေးသူထဲက တစ်ဦးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ၊ တပ်မတော်နဲ့ NLD ကြားမှာ စိတ်ဝမ်းကွဲအောင် သွေးထိုးလှုံ့ဆော်နေတာတွေ ရှိတယ်။ ဒါတွေကိုလည်း သတိထားဖို့ ဆိုတဲ့အကြောင်း ပြောတယ်။ အမှန်ကတော့ ဒါ တပ်မတော်နဲ့ ပြည်သူကြားမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ NLD က တောက်လျှောက် လုပ်နေတာပေါ့နော်။ ပြည်သူဆိုတဲ့နေရာမှာ တပ်မတော် သားတွေလည်း ပြည်သူထဲမှာ ပါတယ်ပေါ့။ ဒါကိုလည်း ပြောပါတယ်။ နောက်တခါ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ် ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့လိုတယ်၊ ဒီဟာကိုလည်း ဆွေးနွေးပါတယ်။ နောက်တခါ- NLD အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူသာ အဓိကကျတဲ့အတွက် ပြည်သူကို အားကိုးသမှုနဲ့ပေါ့နော်- ပြည်သူကို အဓိကထားပြီး ပြည်သူတွေ ဆန္ဒနဲ့ ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်း ဒါတွေလည်း ဆွေးနွေးပါတယ်ခင်ဗျ။”

ကော့မှူးမြို့နယ် အားကစားကွင်းတွင်းက အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ သဘောထားဆန္ဒခံယူပွဲကို တက်ရောက်လာကြတဲ့ ကော့မှူးမဲဆန္ဒရှင် ပြည်သူတွေဆီက အခြေခံဥပဒေနဲ့ပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး သဘောထားခံယူရမှာတော့ အများစုက ပြင်ဆင်ရေးကို တခဲနက် ထုတ်ဖော်ပြသခဲ့ကြတယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

“ဆန္ဒရယူတဲ့အခါမှာ ၉၉ % လောက်ကို ပြင်ဆင်ရေးဘက်ကို ထောက်ခံကြတယ်ဗျ။ အသစ်ရေးဆွဲချင်တဲ့သူက လက်ထောင်တဲ့သူတွေကို ကျနော် ကြည့်တာ အားလုံးထဲမှာ ဒီ ၃ သောင်းလောက် တက်တဲ့အထဲမှာ ဆယ်ယောက်ထက် မပိုဘူးဗျ။ အဲဒီတော့ ၉၉ % လောက်ကို ကော့မှူးက ပြင်ဆင်ရေးဘက်မှာ ဆန္ဒရှိတာပဲ။”

တက်ရောက်လာတဲ့ ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံမေးမြန်းကြတဲ့အခါ ပြည်သူဘက်က လွှတ်တော်တွင်း လူနည်းစုဖြစ်တဲ့ အတိုက်အခံအင်အားစုအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေ ဘယ်လို ရှိနိုင်သလဲဆိုတာကို မေးမြန်းခဲ့ကြတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကို သူကပြောပြပါတယ်။

“ပြည်သူဘက်က မေးတဲ့အခါကတော့ဗျာ- ဒီဟာ မပြင်လို့ရှိရင် ကျနော်တို့က လွှတ်တော်ထဲမှာ အနည်းစု၊ အများစုက အာဏာရပါတီဖြစ်နေတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်လို့ရှိရင် ဘယ်လို အခြေအနေမျိုးနဲ့ နိုင်ငံရေး သွားမလဲဆိုတာကို ကျနော်တို့ခေါင်းဆောင်ကတော့ ပြောပါတယ်။ တရား ဥပဒေဘောင်အတွင်းကပဲ ပြင်ဆင်ရေးကို လုပ်သွားမယ်။ ဥပဒေဘောင် အတွင်းကပဲ နိုင်ငံရေးကို ဆက်ပြီးတော့ လျှောက်လှမ်းသွားမယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါကို ပြောပါတယ်ဗျ။”

ပြည်သူ့သဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဥပဒေ ပညာရှင် ဦးဌေးဦးတို့ သုံးဦး ပင်တိုင်ဆွေးနွေးခဲ့ကြပြီး သူ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ ပြင်ဆင်သင့်တဲ့အချက်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား စတာတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောပါတယ်။

“လူထုနဲ့တွေ့တဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လို သန္ဓေတည်လာသလဲပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေဇစ်မြစ်ပေါ့။ ၁၉၉၃ အမျိုးသား ညီလာခံစပြီးတော့ ၂၀၀၄ ညောင်နှစ်ပင်ညီလာခံမှာရော၊ ၁၉၉၃ ကျိုက္ကဆံ အမျိုးသားညီလာခံမှာရောက ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲခွင့် မရဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ခွင့် မရခဲ့ဘူးပေါ့ဗျာ။ ဒီမိုကရေစီအခွင့်အရေးမရတာတွေ၊ လူ့အခွင့်အရေး အာမခံချက် မရှိတာတွေ၊ ပြည်ထောင်စုမူ ကင်းလွတ်နေတာတွေ၊ တန်းတူညီမျှတဲ့အခွင့်အရေး မရတာတွေ၊ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒိရုပ်ကလည်း မူလကတည်းကိုက မကောင်းဘူးပေါ့ဗျာ။ အဲဒါတွေပါ ကျနော်ဆွေးနွေးပါတယ်။”

ဒီဇင်ဘာလ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှာလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးတင်ဦး၊ အပါအဝင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး (စိန်ဂျွန်း) တို့က ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံနဲ့ ဖွဲ့စည်းပုံ အတွင်း ပြင်ဆင်သင့်တဲ့ အချက်တွေကို လူထုကို သွားရောက် တွေ့ဆုံရှင်းလင်းဆွေးနွေးကြမယ်လို့သိရပါတယ်။
XS
SM
MD
LG