သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ပါ တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဒေါ်စုဆွေးနွေး


NCA ပါ တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဒေါ်စုတွေ့ဆုံ။ သတင်းဓာတ်ပုံ-Credit to Saw Nimord.
NCA ပါ တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဒေါ်စုတွေ့ဆုံ။ သတင်းဓာတ်ပုံ-Credit to Saw Nimord.

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့ွ၈ဖွဲ့က
ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ခရစ္စမတ် လက်ဆောင်ပေးကြသလို ရယူဖို့ထက် အပြန်အလှန် ပေးဆပ်ပြီး
ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒေါ်စုနဲ့အပစ်ရပ်(၈ဖွဲ့) တွေ့ဆုံ။
ဒေါ်စုနဲ့အပစ်ရပ်(၈ဖွဲ့) တွေ့ဆုံ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေပြည်တော်မှာ နေ့ခင်း ၁၂နာရီခွဲလောက်ကနေ ၁နာရီခွဲလောက်အထိ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောဆိုခဲ့တာတွေကိုတော့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကတော့ အဓိက သူအခြေခံပြောတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတရပ်အောင်မြင်ဖို့ဆိုရင်တော့ ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တခုတည်းကနေပြီးတော့ တာဝန်ယူပြီး ဆောင်ရွက်လို့မရဘူး။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ။ အားလုံး တောင်းတဲ့သူနဲ့ပေးတဲ့သူရဲ့ ဆက်ဆံရေးမျိုး မဟုတ်ပဲ အကုန်လုံးဟာ တန်းတူညီတူနဲ့ဆောင်ရွက်ကြဖို့ပေါ့လေ။

အထူးအားဖြင့်ပြောရင်တော့ ခရစ္စမတ်အကြိုမှာ စကားတခွန်းသူပြောတာကတော့ ခရစ္စမတ်မှာက Giving Gift လက်ဆောင်တွေပေးကြတာ၊ သူများအတွက်ကို ကိုယ်ကပေးတာပေါ့လေ။ ပေးဖို့ပေါ့။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေ က ဆွေးနွေးကြတယ်၊ တွေ့ကြတယ် ဆိုရင် တောင်းတာပဲ စိတ်ဝင်စားတာမျိုး မဟုတ်ပဲနဲ့၊ အပြန်အလှန်ပေါ့ အားလုံးစုပေါင်းပြီးလုပ်ကြဖို့ဆိုတဲ့ဟာ Giving Gift ကိုသူက ပြောသွားတာပါ။”

ဆက်လက်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာမှာ NLD ပါတီက ပါဝင်လက်မှတ် မရေးထိုးရတဲ့ အကြောင်းကိုလည်း ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။

“ဒီ NCA ကိုလက်မှတ်ရေးထိုးတဲ့အချိန်တုန်းက အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တက်ရောက်ပြီးတော့ အသိသက်သေအနေနဲ့ လက်မှတ် မရေးထိုးခဲ့တဲ့အကြောင်းကိုလည်းရှင်းပြပါတယ်။ အဓိကကတော့ ဒီလိုမျိုးပေါ့လေ လက်မှတ်ရေးထိုးတဲ့သူနဲ့ မရေးထိုးသူတို့ကြားမှာ ပိုပြီးတော့ နားလည်မှှု လွဲသွားစေမှာကို သူစိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ဒီလက်မှတ်ရေးထိုးတဲ့အထဲမှာ မပါဝင်ခဲ့တဲ့အကြောင်း အဲဒါကို သူအကျယ်တဝင့် ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့အခုကျန်တဲ့ လက်မှတ် မရေးထိုးသေးတဲ့သူတွေလည်း ပါဝင်လာရေးအတွက်ကို တံခါးကျယ်ကျယ်ဖွင့်ပြီးတော့ ဒါကတော့ ဆောင်ရွက်သွားမယ်ပေါ့။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ NLD အစိုးရဖွဲ့ချိန်မှာ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေပါဝင် လက်မှတ်ရေးကို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တာဝန်ယူတဲ့အချိန်ကျလို့ရှိရင် လက်မှတ် မရေးထိုးသေးတဲ့သူတွေကိုလည်း သိက္ခာရှိရှိ ပါဝင်နိုင်ရေးအတွက်ကို ဖိတ်ခေါ်ပေးဖို့ အတွက်ကိုလည်း ဒါ ကျနော်တို့က တင်ပြခဲ့ပါတယ်။သို့သော်လည်း ဒီနေ့အချိန်အခါမှာ အသွင်ကူးပြောင်းမှုချောမွေ့စေရေးအတွက်ကို ဒီအတွက်လုံးပမ်းနေရတာဖြစ်တဲ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ လက်တလောအားဖြင့်တော့ လက်မှတ် မရေးထိုးသေးတဲ့သူတွေနဲ့တော့ တွေ့ဆုံဖို့အဆင်မပြေသေးဘူးပေါ့ဗျာ။ အဲလိုတော့ပြောပါတယ်။”

ဒီကနေ့ဆွေးနွေးပွဲမှာ မကြာခင်က ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့သလို ဒီနေ့ဆွေးနွေးပွဲဟာ ၁နာရီလောက်သာ အချိန်ရတာကြောင့် နောက်ပိုင်းမှာ အချိန်ပိုယူပြီး ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးကြဖို့ကိုလည်း သဘောတူခဲ့ကြ ပါတယ်။ နောက်တကြိမ်တွေ့ဆုံဖို့ကိုတော့ ရက်သတ်မှတ်တာမရှိသေးပါဘူး။

XS
SM
MD
LG