သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ဧပြီ ၅၊ ၂၀၁၆)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ဧပြီ ၅၊ ၂၀၁၆)

မြန်မာအစိုးရသစ်လက်ထက် နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့တွေ့ဆုံပြီးတော့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာနဲ့တရုတ်အကြား အငြင်းပွားဖွယ်ဖြစ်နေတဲ့ မြစ်ဆုံလို တရုတ်စီမံကိန်းတွေ ပြန်စနိုင်ဖို့ ကိစ္စကိုတော့ ဆွေးနွေးခြင်း မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ နေ့ခင်းပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

ဒါဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရသစ်ပြောင်းလဲပြီး ၅ ရက်အကြာမှာ ပထမဆုံးမြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့ နိုင်ငံခြား သံတမန်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂ ရက်ကြာ လာရောက်တာလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီကနေ့ ညနေ ၄နာရီခွဲအချိန်လောက် သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်သက်တမ်း တပတ်ကာလအတွင်းမှာ အခုလိုလာရောက်တာဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို ဖော်ဆောင်တာဖြစ်ကြောင်း ပြောဆိုပြီး မြန်မာနိုင်ငံဘက်က သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုပါတယ်။

“ကျမတို့က အိမ်နီးချင်းနိုင်ငံဖြစ်တာနှင့်အမျှ ကျမတို့ရဲ့ဆက်ဆံရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ နိုင်ငံရေးအရပဲမဟုတ်ဘူး ၊ လူမှုရေးအရ စီးပွားရေးအရလည်း အများကြီးအရေးကြီးပါတယ်။ ဒီအရေးကြီးမှုကိုလည်း တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုတယ်လို့ပဲ ကျမတို့ ဒီလိုပဲမြင်ပါတယ်။ ကျမတို့အစိုးရဟာ နိုင်ငံံခြားရေးမူဝါဒဆိုလို့ရှိရင် တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာ ကျမတို့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ ဒီလို ကျမတို့ တကမ္ဘာလုံးနဲ့ ပိုမိုခင်မင်ရင်းနှီးစွာ ငြိမ်းချမ်းရေးအတွက် လူသားများရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်းပါဝင်ပြီးတော့ အတူလက်တွဲပြီးဆောင်ရွက်မယ်လို့လည်း ကျမ ယုံကြည်ပါတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်-မြန်မာဆက်ဆံရေးကို အလေးထားကြောင်း၊ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထု ဘဝမြှင့်တင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း မြှင့်တင်ဆောင်ရွက်မှာဖြစ်ကြောင်းထည့်သွင်း ပြောကြားပါတယ်။

တရုတ်နိုင်ငံက မြန်မာပြည်မှာ အကြီးစား စီမံကိန်းတွေ ဆက်လက်ဖော်ဆောင် တာနဲ့ပတ်သက်တဲ့ မေးခွန်းအပေါ်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဖြေဆိုတာကို ဘာသာပြန်သူက အခုလို ပြန်ကြားပါတယ်။

“အဲဒီပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ရာမှာ တချို့စီမံကိန်းမှာ တချို့ကိစ္စ ပေါ်ပေါက်လာတာလည်း သဘာဝကျတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ခုနက ကျနော်နဲ့ မြန်မာဝန်ကြီး ကျနော်တို့ ကြုံတွေ့နေတဲ့ကိစ္စကို ဒီချစ်ကြည်ရင်းနှီးတဲ့နည်းလမ်းမှတဆင့် အားလုံးဖြေရှင်းနိုင်ပါတယ်လို့ သဘောတူခဲ့ပါတယ်။”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းအဖြစ်နဲ့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံတာတွေ မြှင့်တင်ဖို့ ရှိသလို အခြေခံအဆောက်အဦတည်ဆောက်ရေး၊ စက်မှုကဏ္ဍ၊ လယ်ယာနဲ့ ဆည်မြောင်းကဏ္ဍတွေမှာ ကူညီဖို့ ရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုပါတယ်။

မြစ်ဆုံစီမံကိန်း၊ တရုတ်မြန်မာအကြားချုပ်ဆိုတဲ့ စာချုပ်တွေနဲ့ပတ်သက် တဲ့ မေးမြန်းတာတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေဆိုပါတယ်။

“စာချုပ်က ကျမတောင်မှမဖတ်ရသေးဘူး။ အဲတော့ ပြည်သူလူထုကို ချပြဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ထူးထူးထွေထွေ ကျမတို့ ဒီကိစ္စကို ဝန်ကြီးကတော့ ပြောခဲ့တာရှိပါတယ်။ ဘာမှတော့ ထူးထူးထွေထွေမဆွေးနွေးခဲ့ပါဘူး။ အခုဝန်ကြီးကလာတယ်ဆိုတာ ကျမတို့အစိုးရအဖွဲ့သစ်ကို ဂုဏ်ပြုဖို့ နောက် ကျမတို့ နိုင်ငံ ၂ နိုင်ငံကြားမှာ ရင်းနှီးမှုကို ဆောက်တည်ဖို့ ဒါတွေကို အလေးထား ပြီးတော့ ပြောခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါအတွက်လာတာပါ။ ဒီလို တခြားကိစ္စတွေကို ဘာမှ အသေးစိတ်မဆွေးနွေးခဲ့ပါဘူး။”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်အစိုးရ ပါဝင်ဆောင်ရွက်မယ့် အခြေအနေတွေကိုတော့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆို တာမရှိသလို အချိန်အကန့်အသတ်ကြောင့် သတင်းထောက်တွေ ဘက်က မေးမြန်းခဲ့တာလည်း မရှိခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲကို ညနေ ၅နာရီမှာ ပြီးဆုံးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ တရားဝင်ဖိတ်ကြားချက် အရ တရုတ်နိုင်ငံကို၅ရက်ကြာ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG