သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ တပ်မတော်ကြား ဖွဲ့စည်းပုံပြင်ရေး အမြင်ချင်းမတူဟု ဒေါ်စုသုံးသပ်


ဂျာမနီသတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ- မင်းမြန်မာ FB)
ဂျာမနီသတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ- မင်းမြန်မာ FB)
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီနဲ့ တပ်မတော်ကြားမှာ အမြင်ချင်းမတူတာတွေ ရှိနေသေးတဲ့အတွက် နီးကပ်တဲ့ ဆက်ဆံရေးအဆင့် မရောက်သေးဘူးလို့ ဒီကနေ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာရှိတဲ့ အထင်ကရ တက္ကသိုလ်တခုမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန် အဲ့ဒီလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်နဲ့ပတ်သက်လို့လည်း ဂျာမနီကို ရောက်ရှိချိန် သူ ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာမိသားစုတွေကို ပြောဆိုပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဂျာမနီနိုင်ငံမှာ ၄ ရက်ကြာခရီး ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ ရှိတဲ့ Free University of Berlin တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီလို တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က - လက်ရှိ မြန်မာနိုင်ငံမှာ အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ဖွဲ့စည်းပုံကိစ္စနဲ့ NLD ပါတီနဲ့ တပ်မတော်ကြား ဆက်ဆံရေး အခြေအနေတွေကို အဓိက ရှင်းပြသွားခဲ့တယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကိုမင်းဇေယျာက ပြောပြပါတယ်။

“မနေ့တုန်းက ဘာလင်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘေးနားက တစ်ယောက်က သူ့ကိုမေးတယ်ပေါ့။ တပ်မတော်နဲ့ NLD ရဲ့ ဆက်ဆံရေးက အလွန်ပဲ နီးကပ်နေတယ်၊ အရမ်းကိုပဲ လက်တွဲ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာမျိုး သုံးသပ်ပြီးတော့ မေးသွားတယ်-တဲ့။
အဲဒီလိုမျိုးသာ ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပဲ-လို့ ဖြေတယ်ခင်ဗျ။ ဒါကို ပြခြင်းအားဖြင့် အဲဒီလို အခြေအနေမျိုး မရောက်သေးဘူးလို့ သူ ပြောပြသွားတာပါ။

ဘာကြောင့်လဲဆိုတော့ သူတို့ အခု NLD က အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုတဲ့ ကိစ္စပေါ့နော်။ ဒါကို လတ်တလောမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မကြာခင်တုန်းကပဲ မိန့်ခွန်းတွေထဲမှာ ထည့်ပြီးတော့ ပြောသွားတဲ့ သဘောတရားအရဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို မလိုလားဘူးလို့ သူ ယူဆတယ်လို့ ပြောသွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် NLD က ကြိုးစားနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ သူတို့ မိန့်ခွန်းတွေထဲမှာ ပါသွားတဲ့ မပြင်ချင်တဲ့ သဘောတရားနဲ့ တိုက်ကြည့်ရင်ကိုပဲ ဒါက နှစ်ဦးနှစ်ဘက်ဟာ နီးနီးကပ်ကပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတဲ့ သဘောတရား အခြေအနေကို မရောက်သေးဘူးဆိုတာ အဲဒီ သဘောပါပဲခင်ဗျာ-သူပြောသွားတာ။”

ပညာရေးနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ လောလောဆယ် အဆင့်မြင့်ပညာရေးထက် မြန်မာလူထု အရေးပေါ် လိုအပ်နေတာဟာ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရပ်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကိုလည်း သူ့ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာမိသားစုတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့တယ်လို့ ကိုမင်းဇေယျာက ပြောပါတယ်။

တနင်္ဂနွေနေ့က Free University of Berlin တက္ကသိုလ်မှာ လုပ်ခဲ့တဲ့ ဒီတွေ့ဆုံပွဲကို လူအယောက် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီတက္ကသိုလ်ဟာ ဂျာမနီနိုင်ငံရဲ့သမိုင်းမှာ အစဉ်အလာရှိတဲ့ တက္ကသိုလ်ဖြစ်ပြီး ဒီတက္ကသိုလ်ကို ကျောင်းသူကျောင်းသားတွေနဲ့ တက္ကသိုလ်တွေက ဘယ်သူ့အမိန့်နဲ့ အကူအညီမှမပါဘဲ တည်ဆောက်ခဲ့ကြတာဖြစ်တဲ့အတွက် အခုလို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီတက္ကသိုလ်မျိုးမှာ တွေ့ခွင့်ရတဲ့ အတွက် ဂုဏ်ယူမိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တိုင်းမှာ အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ရှင်းပြလေ့ရှိတဲ့အပေါ် ကိုမင်းဇေယျာက သူ့အမြင်နဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“အဲဒီနေရာမှာ ကျနော်တို့မြင်တာကတော့ လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ ကင်းကွာနေလို့ မရပါဘူး။ လူထုခေါင်းဆောင်ဆိုတာ နိုင်ငံအပြင်ကို ရောက်နေတဲ့ ကိုယ့်နိုင်ငံဖွား လူထုနဲ့လည်း အမြဲထိတွေ့နေဖို့ လိုပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့၊ မှန်ကန်တဲ့လုပ်ရပ်တခုလို့ပဲ ကျနော်တို့ ယုံကြည်တယ်ခင်ဗျ။ ဒါကြောင့်လည်း တကမ္ဘာလုံးမှာရှိတဲ့ ဗမာတွေက အဲဒီနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ရောက်လာရင် အမြဲပဲ တွေ့ဆုံပွဲတစ်ခုကို ဖြစ်အောင် ကြိုးစားစီစဉ်ကြတာပါပဲ။ နောက်တစ်ခါမှာ သူ့အနေနဲ့က လူထုကို ရှင်းပြရတယ်။ သိအောင် ပြောပြရတယ်။ ဒီလူတွေ ပြောတဲ့စကား အကုန်လုံးကိုလည်း သူပြန်နားထောင်တယ်။ အဲဒီနည်းအားဖြင့် သူလည်းပဲ သင်ယူတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့လည်းပဲ သူ့ဆီကနေ သင်ယူလိုက်ရတယ်လို့ ခံစားရတယ်ခင်ဗျ။

ဒါကတော့ ခေါင်းဆောင်ဆိုတာ လူထုကို ဦးဆောင်ရတယ်၊ သင်ကြားပြသရတယ်ဆိုတဲ့တာဝန် ရှိကိုရှိပါတယ်ခင်ဗျ။ ပြည်တွင်းထဲမှာလည်း ကျနော်တို့မြင်တာ အဲလိုပါပဲခင်ဗျာ- သူတခြား အင်မတန်ကို ခေါင်ဖျားတဲ့နေရာတွေအထိလည်း သွားတာပဲ။ ပြည်သူတွေနဲ့လည်း နီးနီးကပ်ကပ်တွေ့တယ်။ ပြည်သူတွေပြောတာတွေကို အမြဲနားထောင်တယ်။ ပြည်သူတွေနဲ့ ဆွေးနွေးတယ်။ မေးခွန်းတွေအပြန်အလှန် မေးကြတယ်။ အဲဒီလိုမျိုးတွေ သူလုပ်ခဲ့လို့လည်း ဒီနေ့ အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေ အကုန်လုံးက အခြေအနေနဲ့ အချိန်အခါအရမှာတော့ အမှားအယွင်းမရှိသေးဘူးလို့ ကျနော် အဲဒီလိုပဲ ယုံကြည်ပါတယ်ခင်ဗျ။”

၁ နာရီကျော်ကြာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံအပြီးမှာတော့ - ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံက အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေးကျောင်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဧပြီလ ၁၄ ရက် တနင်္လာနေ့မှာတော့ သူ့ရဲ့ ၄ ရက်ကြာ ဂျာမနီနိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG