သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး တပ်မတော်က အလေးထားစဉ်းစားဖို့ ဒေါ်စုပန်ကြား


မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲ။ (မေ ၁၈၊ ၂၀၁၄)
မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲ။ (မေ ၁၈၊ ၂၀၁၄)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲကို မန္တလေးမြို့ပေါ်က အောင်ပင်လယ် ကွင်းမှာ ဒီကနေ့ ခမ်းခမ်းနားနား ကျင်းပခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကာမတော်ကာကွယ်ရေးဦးစီးချုပ်ကစပြီး ရဲဘော်အထိ လေးလေးနက်နက် စဉ်းစားဖို့ ကောင်းတယ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

တပ်မတော်ရဲ့နေရာမှန်ဟာ ဘယ်နေရာလဲဆိုတာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စပြီး ရဲဘော်အဆင့်အထိ စဉ်းစားဖို့အချက်ဟာ လက်ရှိ အချိန်မှာ အဓိက အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့တပ်မတော်ရဲ့နေရာဟာ ဘာလဲဆိုတာကို ကျမတို့ပြည်သူလူထုတွေလည်း စဉ်းစားစေချင်ပါတယ်။ တပ်မတော်သားတွေ အားလုံးလည်း စဉ်းစားစေချင်ပါတယ်။ တပ်မတော်သားလုံးဆိုတာဟာ တပ်မတော်ရဲ့အမြင့်ဆုံးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ အနိမ့်ဆုံးဖြစ်တဲ့ ရဲဘော်လေးတွေအထိ စဉ်းစားစေချင်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့နေရာဟာဘာလဲ၊ ဒီတပ်မတော်ရဲ့သမိုင်းတွေကို ပြန်ကြည့်လိုက်ပါ။ အတိတ်ကို ပြန်ကြည့်လိုက်ပါ။ ဘယ်လိုပေါ်ပေါက်လာတာလဲ။ ဒီ တပ်မတော်ဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ဖို့ဆိုပြီးတော့ အဲဒီတုန်းကတော့ ဗမာလို့ပဲခေါ်ပါတယ်။ ဗမာ့ လွတ်လပ်ရေးတပ်မတော်ဆိုပြီးတော့ ပေါ်လာတဲ့ တပ်မတော် ဖြစ်ပါတယ်။ ဗမာ့ဖိနှိပ်ရေးတပ်မတော်ဆိုပြီးတော့ ပေါ်လာတဲ့တပ်မတော် မဟုတ်ပါဘူးလို့ ကျမ ပြောချင်ပါတယ်။”

၁၉၉၀ ရွေးကောက်ပွဲ ကာလတွေတုန်းက တိုင်းပြည်ကို အိမ်စောင့် အစိုးရအနေနဲ့သာ အုပ်ချုပ်နေတဲ့ စစ်အစိုးရအနေနဲ့ အဲဒီအချိန်က မြန်မာမာနိုင်ငံရဲ့ အခြေခံဥပဒေကို အရပ်သားတွေကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခွင့်ပေးမယ်လို့ ကတိပေးခဲ့ဖူးပေမယ့် အခု အခြေခံ ဥပဒေစစ်တပ်က ရေးဆွဲတဲ့ အခြေခံ ဥပဒေ ဖြစ်တာကြောင့် သိက္ခာမဲ့ သဘောဖြစ်နေတယ်လို့ ရှုမြင်တဲ့အကြောင်းသူမက ပြောပါတယ်။

“တပ်မတော်အစိုးရ၊ စစ်အစိုးရက စိတ်ကြိုက်ရွေးထားတဲ့ ပုဂ္ဂိုလ်တွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တာ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ပြည်သူလူထုကိုပေးထားတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီးတော့ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပါတယ်လို့ ကျမ ပြောချင်ပါတယ်။”

လက်ရှိ အချိန်မှာ မြန်မာအစိုးရနေနဲ့ အာဏာရှင် စစ်သားဟောင်းတွေအဖြစ်ကနေ အမှန်တကယ် ဒီမိုကရေစီဘက်တော်သားတွေ ဖြစ်လာဖို့ ဆန္ဒရှိရင် တော့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း လက်ကမ်းကြိုနေမှာဖြစ်တယ်လို့လည်း ဒီကနေ့ပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။

“အာဏာရှင်ဘဝကနေ တကယ်ရိုးရိုးသားသား ပြောင်းလဲလာပြီ၊ ပြည်သူတွေနဲ့လက်တွဲမယ်ဆိုရင် ကျနော်တို့က ထာဝရလက်ကမ်းပြီးသား၊ ဒါပေမယ့် ကျနော်တို့လက်ဆွဲနှုတ်ဆက်ရမယ့်လက်တွေက ဒီမိုကရက်လက် အစစ်တွေ ဖြစ်ဖို့တော့ လိုတာပေါ့။ ဒီမိုကရေစီလက်အိတ်စွပ်ထားရုံနဲ့တော့ မလုံလောက်ပါဘူး။”

တစ်ချိန်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်တပ်ကို အခွင့်အရေးပေးလွန်းနေတဲ့အတွက် အနာဂတ်မျိုးဆက်တွေအနေနဲ့ စစ်တပ်ထဲဝင်မှ ဘ၀ ကောင်းစားတော့မယ်ဆိုတဲ့ စိတ်တွေ ဝင်လာမှ၊ ပြီးတော့ လက်နက်ရှိတဲ့သူတွေက လူတွေရဲ့ဘ၀ ကို စိတ်တိုင်းကျ ဖန်တီးနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးဝင်သွားမှာကို စိုးရိမ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

“ကျနော်တို့ နောက်မျိုးဆက်တွေမှာ ၂ မျိုးဖြစ်သွားမှာ ကျနော်တို့ စိုးရိမ်ပါတယ်။ တမျိုးးက ဘာလဲဆိုတော့- ဘာမှ တွေးမနေပါနဲ့ကွာ၊ ပညာတွေ သိပ်သင်စရာလည်း မလိုပါဘူး။ တခြားကိုယ်ကျင့်တရား၊ တခြားအတွေးအခေါ် လောကကိုတည်ဆောက်တဲ့ တခြားပညာက အရေးမကြီးပါဘူး၊ စစ်ထဲသာဝင်လိုက်၊ အချိန်တန်ရင် မင်း အခွင့်ထူးရမှာပဲဆိုတဲ့ အတွေးအခေါ်မျိုးဝင်သွားမှာ ကျနော် စိုးရိမ်ပါတယ်။ နောက်တစ်ချက် - သာမန်ပြည်သူတွေဟာဖြင့်ရင် လက်နက်ကိုင်လူတွေရဲ့အောက်မှာပဲ အမြဲတမ်းရှိတယ်။ သူတို့က အမြဲတမ်း ငါတို့ဘဝကို စီမံနေတာ။ သာမန်ပြည်သူဆိုတာကွာ..လက်နက်မကိုင်တဲ့ပြည်သူဆိုတာ အပြုခံပါ-ဆိုပြီးတော့ သိမ်ငယ်စိတ်ဝင်သွားမှာမျိုး စိုးရိမ်ပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး ပွင့်လင်းလူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မလုပ်ဆောင်ခင်တုန်းက သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အတိုက်အခံခေါင်းဆောင်တို့ တွေ့ဆုံမဲ့ ၄ ပွင့် ဆိုင်ဆွေးနွေးပွဲ ကို အာဏာပိုင်တွေဘက်က ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့က မေလ ၁၇ ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာပဲ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းလူမှု အဖွဲ့အစည်းတို့ ပေါင်းပြီး ကျင်းပခဲ့ပါတယ်။

ဒီကနေ့မှာတော့ မန္တလေးတိုင်း အောင်ပင်လယ်ကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ရေး လူထုဟောပြောပွဲကို အထက်မြန်မာပြည်မှာ ရှိတဲ့ ပြည်နယ်တိုင်းက ပြည်သူလူထုတွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ မန္တလေးတိုင်းကပြည်သူလူထုနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်ပေါင်း သုံးသိန်းကျော် တက်ရောက်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထုတ်ပြန်ထားပါတယ်ခင်ဗျား။
XS
SM
MD
LG