သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးမှုနဲ့ တရားစွဲ


၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ မဲပေးဖို့ တန်မးစီနေကြတဲ့ မဲဆန္ဒရှင် ပြည်သူများ။
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ မဲပေးဖို့ တန်မးစီနေကြတဲ့ မဲဆန္ဒရှင် ပြည်သူများ။

[[Zawgyi/Unicode]]

NLD ပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့က ရွေးကောက်ပွဲနိုင်အောင် မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီက ထပ်မံတရားစွဲလိုက်ပါတယ်။ ဒီနေ့ ဇန်နဝါရီ ၃၁ ရက် နေပြည်တော်အထူးတရားရုံးကို ရောက်လာတဲ့အမှုကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမှာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင် မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး NLD အစိုးရ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဦးမင်းသူတို့တို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီက အမှုတွဲပြီး တရားစွဲပါတယ်။ ဒီနေ့နေပြည်တော်အထူးတရားရုံး ရုံးချိန်းမှာ ဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့တယ်လို့ သိရပါတယ်။ တရားစွဲတဲ့ ပုဒ်မ ၁၃၀-က နဲ့ပတ်သက်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ခုလိုပြောပြပါတယ်။

“ဟုတ်တယ်။ ၁၃၀-က နဲ့။ သူတို့က ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးတယ်လို့ပြောပြီး စွဲတယ်။ မလျော်ဩဇာသုံးတယ်ပေါ့ဗျာ၊ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ အဲလိုရေးထားတယ်။ အဲဒီ ၁၃၀-က ဆိုတာ ၁၃၀- က ကို ပြင်ထားတာရှိတယ်။ ပြင်ထားတာက ရာဇသတ်ကြီးဥပဒေ အခန်း ၆ က မှာက ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံနဲ့ တည်ဆဲ ဥပဒေများတွင်ပါရှိသည့် အချက်နဲ့ ဆက်လျဉ်းသည့်ပြစ်မှုများဆိုပြီး ပြင်ဆင်ထားတယ်။ အဲလိုပြင် ထားတယ်။”

စစ်ကောင်စီ တာဝန်ပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက တရားလိုလုပ်ပြီး တရားစွဲတာဖြစ်ပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးပြီး ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီး ဦးမင်းသူဟာလည်းစစ်တပ်က အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကတည်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး ပထမဆုံးအမှုတပ် တရားစွဲတာဖြစ်ပါတယ်။ တည်ဆဲဥပဒေတရပ်ရပ်မှာ ပြုလုပ်မှု ဒါမှမဟုတ် ပျက်ကွက်မှုအတွက် ပြစ်ဒဏ်တွေကို အတိအလင်း ပြဌာန်းထားခြင်းမရှိတဲ့အခါ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ အရေးယူနိုင်ပြီး အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၃ နှစ် အထိချနိုင်ပါတယ်။ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တချို့ကိုလည်း ဒီပုဒ်မနဲ့ တရားစွဲထားပါတယ်။ ဒီပုဒ်မဟာ အာမခံပေးလို့ရတဲ့ပုဒ်မ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကတော့ ထောင်ဒဏ်တွေအသီးသီး ချမှတ် ခံထားရပြီးဖြစ်လို့ အာမခံလျှောက်မဖြစ်နိုင်ပေမယ့် ဦးမင်းသူအတွက်ကတော့ လျှောက်ထားခွင့်ရှိပါတယ်။ ဒါပေမယ့် ဦးမင်းသူကိုလည်း အာမခံမပေးတဲ့ရာဇသတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၃၂ အရပ်အခေါ် ခြေချုပ်ဥပဒေနဲ့ထပ်မံတရားစွဲဆိုလိုက် တာကြောင့် အာမခံလျှောက်ခွင့်မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဦးမင်းသူဟာ နိုင်ငံရေးရာထူးရှိစဉ် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက NLD ပါတီ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင်တဦးကို ဆက်သွယ်ပြီး NLD ပါတီ တီရှပ်အထည် ၁၈,၀၀၀ အတွက် ငွေကျပ် ၃၁၅ သိန်း လက်ခံရယူတာ၊ NLD ပါတီ တံဆိပ်ပါတဲ့ လွယ်အိတ်တွေ ဝယ်ယူဖို့အတွက် ကျပ်သိန်း ၃၆၀ လက်ခံရယူခဲ့တယ်လို့ စွပ်စွဲကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ပါ တရားစွဲဖို့ ပြင်နေတယ်လို့ စစ်ကောင်စီဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အဂတိလိုက်စားမှု အမှု ၁၀ မှု၊ နိုင်ငံတော်လျို့ဝှက်ချက်ချိုးဖောက်မှု၊ အခုထပ်ပြီး တရားစွဲခံရတဲ့ မလျော်သြဇာသုံးမှု စတဲ့ အမှုတွေကို ရင်ဆိုင်နေရပါတယ်။ အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်မှု၊ သဘာဝဘေးအမှု၊ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်အမှုတွေအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ်ချမှတ်ခံ ထားရပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[Unicode]









=========

XS
SM
MD
LG