သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှုနှစ်မှု ရှေ့အပတ်ထဲ စွဲချက်တင်ဖွယ်ရှိ


တရားရင်ဆိုင်နေကြရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၃၀၊ ၂၀၁၈)
တရားရင်ဆိုင်နေကြရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၃၀၊ ၂၀၁၈)

Zawgyi/Unicode

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ နဲ့ ပတ်သတ်လို့ စွဲချက်တင်သင့်မသင့်ကို နှစ်ဖက်လျှောက်လဲချက်တင်ပြီး ရှေ့သီတင်း ပတ်ထဲ တရားရုံးဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ ဒီကနေ့ တရားခွင်ကြားနာမှုအခြေအနေ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အမှုပေါင်း ၁၁ မှုနဲ့ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှု ၃ မှုနဲ့ ဦးဝင်းမြင့်အမှု ၁ မှု၊ ပေါင်း ၄ မှုကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ ဆက်လက် ကြားနာစစ်ဆေးခဲ့တာပါ။ နောက်အပတ်ရုံးချိန်းမှာတော့ အမှုနှစ်မှုကို စွဲချက်တင်သင့်မသင့် တရားရုံးဆုံးဖြတ်ဖွယ်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဒေါ်မင်းမင်းစိုး က ဗွီအိုအေကို ပြောပါတယ်။

“သမ္မတကိုမေးထားတဲ့ သဘာဝဘေးအမှု စွဲချက် လျှောက်လဲချက်ကို နှစ်ဘက်ကြားနာပါတယ်။ ၄.၁၀.၂၀၂၁ ကို စွဲချက်အမိန့်ချမယ်ဆိုပြီး ချိန်းပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုစွဲထားတဲ့ သဘာဝဘေးကိုလည်း စစ်ပါတယ်။ တရားလိုပြသက်သေ ၂ ဦးစစ်တယ်။ စစ်ပြီးတော့ နောက်ရုံးချိန်းမှာ ၂ ဘက်စွဲချက်အတွက် လျှောက်လဲချက် ပေးရပါမယ်။ အဲဒါကိုလည်း ၄ ရက်နေ့ ချိန်းပါတယ်။ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ စွဲထားတာက တဘက်ဥပဒေအရာရှိက နောက်တိုးသက်သေ တင်လာတာရှိတယ်။ အဲတင်လာတာကို နှစ်ဘက် လျှောက်လဲချက်ကြားနာကြပါတယ်။ နောက်ရုံးချိန်းမှာ အဲအပေါ်မှာ အမိန့်ချမှာဖြစ်ပါတယ်။ တနင်္လာနေ့ ၄ ရက် ၁၀ လကိုပဲ ပြန်ချိန်းပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ကလည်း အမှုစစ်ကိုစစ်ပြီးလို့ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်မတင်ကို၂ ဘက် လျှောက်လဲချက်တင် ကြားနာမှာပါ။ အဲဒါလည်း တနင်္လာနေ့ကိုချိန်းထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်မှာ စွဲဆိုထားတဲ့ ကနဦးအမှု ၅ မှုထဲကမှ ဒီကနေ့မှာတော့ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှု ၁ မှု ပေါင်း ၃ မှုကိုစစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ စွဲဆိုထားချက်အပေါ်မှာ နောက်တိုးသက်သေတင်ဖို့ လုပ်ဆောင်တာတွေရှိသလို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နဲ့ပတ်သတ်လို့လည်း ပြစ်မှုမကျူးလွန်ကြောင်း သက်သေတင်သွင်းဖို့ လုပ်တာကို တရားလိုဘက်က ကန့်ကွက်တာကြောင့် တင်ခွင့်မရခဲ့ပါဘူး။ ဒီလို တရားရုံးဆုံးဖြတ်ချက်အပေါ်မှာတော့ဒေါ်အောင်ဆန်းစု ကြည်ရှေ့နေတွေဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆန်ပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်ဘက်ကခုခံချေပပေးနေတဲ့ ရှေ့နေဦးကြည်ဝင်းကတော့ အမှုကျူးလွန်တာမရှိတာကို ပေါ်လွင်အောင်စစ်ဆေးနိုင်သလို အမှုနဲ့ပတ်သတ်လို့ ဥပဒေအရ လွတ်မြောက်အောင်လုပ်သွားမယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က ဥပဒေနဲ့မငြိစွန်းတော့ ငြိစွန်းအောင်ခိုင်လုံတဲ့သက်သေတွေ ရှာပေမယ့် တကယ်ကျတော့ မငြိစွန်းဘူးလေ။ သက်သေခံပစ္စည်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လက်ထဲက သိမ်းတာမဟုတ်ဘူး။ ရှာဖွေပုံစံအရကလည်း သိမ်းတာက ဒေါ်စုဆီက ရတာမဟုတ်ဘူး။ ဒါတွေကစစ်တာမှာ ပေါ်လွင်လာတာပါပဲ။ မျှော်လင့်ချက်ကတော့ ဒီလိုလေ၊ ကိုယ်တို့ ရှေ့နေတွေဆိုတာ ကိုယ့်အမှုသည် အပြစ်မရှိတာကို ပေါ်လွင်အောင်စစ်မှာပဲလေ။ သူကိုယ်တိုင်ကလည်း အပြစ်မရှိဘူး။ ဒီပစ္စည်းတွေက သူဝယ်တာလည်းမဟုတ်၊ သူကိုင်တာလည်း မဟုတ်ဘူးလေ။ ရှင်းနေတာဘဲလေ၊ ဒါကိုပေါ်လွင်အောင်စစ်တယ်။ ပြောတဲ့အတိုင်းပေါ်လွင်တယ်။ သက် သေတွေမေးတာမှာလည်း သက်သေတွေကဒီတိုင်းပဲ။ ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေကိုယ်တိုင်က ဒီပစ္စည်းတွေက သူတို့တပ်မတော်က သူတို့ပြည်တဲရေးဘက်က ကိုင်တာဆိုတာပြောထားပြီးပြီ။ ပေါ်နေတာပဲ။ လွတ်မြောက်အောင်ရှာဖို့က ဒီတိုင်းရှာမရဘူးလေ။ ဥပဒေတိုင်းပဲပေါ့။ ပြဌာန်းထားတဲ့ဥပဒေနဲ့အညီ လွတ်မြောက်ရာလွတ်မြောက်ကြောင်းရှာဖွေမှာပေါ့။”

မနက်ဖြန် စက်တင်ဘာ ၂၈ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ တို့အတွက် ဆက်လက် ကြားနာစစ်ဆေးဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက် တာမျိုးအောင်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တရားရုံးအဆင့်ဆင့်ကို ပြင်ဆင်ချက်တင်ဖို့ကြိုးစားနေပါတယ်။ မနက်ဖြန်မှာ ဒီအမှုအတွက် ပြန်ခေါ်သက်သေတွေ စစ်သွားဖို့ရှိတယ်လို့ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ မန္တလေးမြို့မှာ တရားစွဲထားတဲ့အမှု ၄ ခုကိုတော့ လာမယ့်အောက်တို ဘာလ ၁ ရက်နေ့ကစပြီး နေပြည်တော်အထူးတရားရုံးမှာ သောကြာနေ့တိုင်း တပတ်ခြားတခါ စစ်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွဲအဖြစ်ပါဝင်တဲ့ သြစတြေးလျ နိုင်ငံသား စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်ကို ဦးတည်စွဲဆိုတဲ့အမှု နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုမှာလည်း ပြီးခဲ့တဲ့ အပတ်ကစတင်ပြီး နေပြည်တော် မှာ ပြောင်းရွှေ့စစ်ဆေးနေတာရှိပါတယ်။ ဒီအမှုကိုလည်း အပတ်စဉ် ကြာသပတေးနေ့တိုင်းစစ်မှာပါ။ အမှုကိုနေပြည်တော်က ဒက္ခိဏခရိုင်တရားရုံးက စစ်ဆေးနေပြီး သူမအတွက်သီးသန့် လုပ်ဆောင်ထားတဲ့အထူးတရားရုံးမဟုတ်တာမို့ လုံခြုံရေးအရ သူမကို video conferencing နဲ့ပဲ ရုံးချိန်း တက်ရောက်စေမျိုးဖြစ်နိုင်တယ်လို့ ရှေနေတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော်ကိုလွှဲပြောင်းထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ၊ တခါ မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ မှု အပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


-------------

Unicode













#MyanmarMilitaryCoup #AungSanSuuKyiTrial #AungSanSuuKyi #VOABurmese#ဒေါ်အောင်ဆန်းစုကြည်#တရားစွဲ#နေပြည်တော်ဒက္ခိဏခရိုင်တရားရုံး၊မင်းမင်းစိုး

XS
SM
MD
LG