သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှုတရားခွင် အငြင်းအခုန်ဖြစ်ခဲ့


နေပြည်တော် တရားရုံးချုပ်အဝင်မြင်ကွင်း။
နေပြည်တော် တရားရုံးချုပ်အဝင်မြင်ကွင်း။

{Zawgyi/Unicode}

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ စီးပွါးရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell အပါ ငါးဦးအပေါ် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုကို နေပြည်တော်မှာ ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဆက်ပြီး စစ်ဆေးကြားနာပါတယ်။ ဒါပေမယ့်လည်း အမှုနဲ့ပတ်သက်တာကို မစစ်ဆေးနိုင်ဘဲ အမှုသည်နဲ့ရှေ့နေတွေ သီးခြားတွေ့ဆုံဆွးနွေးခွင့်မရတာနဲ့ စကားပြန်ထားရေးကိစ္စတွေ တရားခွင်မှာ ငြင်းခုန်ခဲ့ကြတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီကနေ့တရားရုံးအခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell နဲ့ NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဖြစ်ကြတဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့အပေါ် တတွဲတည်း စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုကို ဒီကနေ့ နေပြည်တော် အထူးတရားရုံးမှာ ၄ ကြိမ်မြောက် ကြားနာပါတယ်။

တရားခွင်မှာ အငြင်းအခုန်ဖြစ်ခဲ့လို့ အမှုနဲ့ပတ်သက်ပြီး မစစ်ဆေးနိုင်ခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့ရုံးချိန်းက စကားပြန်ကိစ္စလေ။ စကားပြန်ကိစ္စကို ရှောင်တာနယ်လ်ရှေ့နေက တင်တယ်ပေါ့ကွယ်။ အဲဒါတရားရုံးက တရားသူကြီးမတယောက်ကို စကားပြန်လုပ်ခိုင်းမယ်ပေါ့၊ အပြင်ကခေါ်တာမဟုတ်ဘူး။ ရှောင်တာနယ်လ်ရှေ့နေတင်ပြတာကို လက်မခံဘူးဖြစ်တာပေါ့။ နောက်တခုက နှစ်ပတ်ခြားချိန်းဖို့ လျှောက်တာတွေရှိတယ်။ အဲဒါတွေကိုလည်း ခရိုင်ရုံးက ခွင့်မပြုဘူးဆိုတဲ့အပေါ် အငြင်းအခုန်ဖြစ်ကြတယ်။ ဘာမှမကြားနာနိုင်သေးဘူး။ စကားပြန်ကိစ္စ၊ ရုံးချိန်းကိစ၊္စ နောက် အငြင်းပွားကြတာပဲ၊ နောက်ပြီးတော့ တချို့ အမှုသည်ရှေ့နေနဲ့ စွပ်စွဲခံရသူတွေဆီကနေ instructionsမရသေးဘူးဆိုပြီး လျှောက်တယ်။ အမှန်က ပေးကိုပေးရမှာပေါ့။ အခုဟာက တွေ့ကိုမတွေ့ရသေးဘူး။ ဘာမှမကြားနိုင်ခဲ့ဘူး။"

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုကို ကနဦးက ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှ ဒေါ်အောင်ဆန်းစုကြည်အမှုတွေအတွက် သီးသန့်လုပ်ထားတဲ့ နေပြည်တော် အထူးတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးနေတာပါ။

ဒီနေ့ရုံးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လူကိုယ်တိုင်မတက်ရောက်ဘဲ video conferencing နဲ့ပဲ တက်ရောက်ခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။

တရားစွဲခံထားရသူတွေအနေနဲ့ အမှုလိုက်ရှေ့နေတွေနဲ့ အမှုကိစ္စ သီးသန့်ဆွေးနွေးနိုင်ဖို့ ရုံးချိန်းမတိုင်ခင် နာရီဝက်လောက်သာ အချိန်ရတဲ့အတွက် အသေအချာ တေ့ွဆုံနိုင်ဖို့ ရှေ့နေတွေဘက်က ထပ်ပြီး စာတင်လျှောက်ထား တောင်းဆိုခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ကြားနာပွဲမစခင် နာရီဝက်လောက် တေ့ွဆုံနိုင်တယ်လို့ တရားသူကြီးက ပြောပေမဲ့ ရှေ့နေတွေဘက်က အချိန်လောက်လောက်ငငပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒီလို ထပ်မံတင်ပြ တောင်းဆိုချိန်မှာ တရားလိုရှေ့ နေတွေဘက်ကပါ လုံခြုံရေးအကြောင်းပြ ကန့် ကွက် တာတွေကြောင့် တရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ အပြန်အလှန်ငြင်းခုန်ရတာတွေ ရှိခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။

သြစတြေးလျနိုင်ငံသား Sean Turnell ဟာလည်း သူ့ရဲ့ရှေ့နေတွေနဲ့ ရုံးထုတ်ချိန်မှာသာ တေ့ွရတာမို့ သီးသန့်တွေ့ဖို့ စာတင်ခဲ့တယ်လို့ ရှေ့နေ ဦးရဲလင်းအောင်က ပြောပါတယ်။

"ကျနော်ကတော့ မစ္စတာရှောင်တာနယ်လ်နဲ့ အမှုကိစ္စ တိုင်ပင်ဆွေးနွေးဖို့စာတင်တယ် instructions ယူဖို့အတွက်စာတင်တယ်။ ဒီကနေ့တော့ဒါပါပဲ။ လောလောဆယ်ကတော့ တရားခွင်ထဲမှာပဲ တွေ့ရတာ။ တရားခွင်ထဲတွေ့ရတာဆိုတော့ ကျနော်တို့ သီးသန့်တွေ့ဖို့ လျှောက်ထားတုန်းပဲရှိသေးတယ်။ လောလောဆယ်တော့ သူတို့က ခန့်ပေးမယ်ဆိုတော့ အဲဒါကိုပဲ ကျနော်တို့ စောင့်ရဦးမှာပါ။ ကျန်တာကတော့ ကျနော်တို့ နိုင်ငံခြားသားဖြစ်နေတော့ စကားပြန်ကတော့ မဖြစ်မနေလိုတာပဲလေ။ လောလောဆယ်တော့ ပြောစရာမရှိသေးပါဘူး။"

မစ္စတာရှောင်တာနယ်လ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သူကပြောပါတယ်။

Sean Turnell ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့လည်း တရားစွဲထားပါတယ်။

မစ္စတာရှောင်တာနယ်လ်ကို ပြီးခဲ့တဲ့ ရုံးထုတ်စစ်ဆေးခဲ့ချိန်ကတည်းက ရန်ကုန် သြစတြေးလျသံရုံးက အရာရှိတွေက တွေ့ဆုံဖို့ကြိုးစားတာတွေရှိခဲပေမယ့် လုံခြုံရေးအရဆိုပြီး တွေ့ခွင့်မပေးခဲ့ပါဘူး။ ဒီနေ့ ရုံးချိန်းမှာတော့ သံရုံးဘက်က လာရောက်တွေ့ဆုံတာ မရှိခဲ့ဘူးလို့ မစ္စတာရှောင်တာနယ်လ် ရှေ့နေကပြောပါတယ်။

Sean Turnell အပေါ် စစ်ကောင်စီက တရားစွဲထားတာနဲ့ပတ်သက်လို့ သြစတြေးလျအစိုးရဘက်က မျှတတဲ့ တရားစီရင်မှု ရနိုင်ခြေအပေါ် သံသယဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသလို သြစတြေးလျအစိုးရအနေနဲ့ ပါမောက္ခ Turnell ရဲ့အမှုနဲ့ပတ်သက်ပြီး တရားရုံးချိန်းတိုင်းကို တက်ရောက်ခွင့်ရဖို့ရော အချိန်မီ အကြံပေးခွင့်ရဖို့ပါ တောင်းဆိုထားပါတယ်။

အသက် ၅၇ နှစ်အရွယ် ပါမောက္ခ Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ၅ ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအမှုကို လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆက်လက်ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


------------

{Zawgyi/Unicode}



















XS
SM
MD
LG