သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး နိုဘယ်ဆု ရုပ်သိမ်း-မသိမ်း ဒေါ်အောင်ဆန်းစုကြည် အလေးမထား


ဂျပန်နိုင်ငံမှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုချီးမြှင့် ထားတဲ့ ငြိမ်းချမ်းရေးနိုဘဲလ် ဆုကို ပြန်ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ တောင်းဆိုတာတွေ ရှိနေတဲ့အပေါ် အရေးတကြီးစဉ်းစားရမယ့် ကိစ္စရပ်တခုမဟုတ်တဲ့ သဘောမျိုး ပယ်ချပြောဆိုပါတယ်။

“ဆုတွေ၊ ဂုဏ်ပြုတာတွေကို ကျမ အလေးမထားပါဘူးး။ မိတ်ဆွေတွေဟာ မိတ်ဆွေတွေရှိရမယ့် အတိုင်း အခိုင်အမာမရှိတဲ့အပေါ် ကျမ စိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ချစ်ကြည် ရင်းနှီးမှုဟာ နားလည်မှုလို့ ကျမယူဆလို့ပါပဲ။ အခြေခံအားဖြင့် ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ် ဆုံးဖြတ်တာထက် နားလည်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုတွေဆိုတာက ဒီလိုပဲ ပေးတာ၊ ပြန်ယူတာ ရှိနေမှာပါပဲ” လို့ NHK ဂျပန်သတင်းဌာနနဲ့ စနေနေ့ တွေ့ဆုံ မေးမြန်းခန်း အတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

ရခိုင်ပြည်နယ်အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း “မြန်မာတနိုင်ငံလုံးက အခြေအနေကို ထားပါဦး၊ ရခိုင်ပြည်နယ်တခုထဲက အခြေအနေကိုတောင် နားမလည်သူတွေ အများကြီးရှိပါတယ်” လို့ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရတဲ့ဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ် ခွင့် အခြေအနေကို မေးခွန်း ထုတ်နေကြတဲ့အပေါ်မှာလည်း “ဒီကိစ္စဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ဆိုင်တာလား၊ တရားဥပဒေအရ လုပ်ဆောင်ချက်နဲ့ ဆိုင်တာလားဆိုတာကို ကြည့်ရ မယ်လို့ ကျမယူဆပါတယ်၊ ဘာကြောင့်လဲဆိုတော့ တရားဥပဒေအရဆိုရင် စီရင်ချက်အပေါ် သူတို့ မေးခွန်းထုတ်ပိုင်ခွင့်ရှိပြီး အယူခံဝင်နိုင်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အများကြီးရှိတယ်လို့ ယူဆပါတယ်” ဆိုပြီးတော့လည်း ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံမှာ ရောက်နေတာဖြစ်ပြီး ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG